
ထိုင်းနိုင်ငံဘန်ကောက်၊ ဝပ်ထနားနယ်မြေ၊ ခလောင်းဒွေရပ်ကွက်မှာ စက်တင်ဘာ ၂၄ ရက် မနက်က မြန်မာအမျိုးသားတယောက် ဓားကိုင်ပြီး နတ်ကွန်းကို ဖျက်ဆီးတဲ့အပြင် တွေ့ကရာလူတွေကို ဓားနဲ့ လိုက်ခုတ်တာကြောင့် ကျူးလွန်သူအပါအဝင် ၄ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။
မနေ့မနက် ၇ နာရီခွဲလောက်က ခလောင်းဒွေရပ်ကွက်၊ ဆူခုမ်ဝစ် ၂၁ လမ်းသွယ် ၂ ထဲမှာ အမျိုးသား တယောက် သောင်းကျန်းပြီး နတ်ကွန်းရော အနီးနားရှိဈေးဆိုင်ထဲက ပစ္စည်းတွေကိုပါ ဖျက်ဆီးတဲ့ အပြင် လူတွေကိုလည်း ဓားနဲ့လိုက်ခုတ်နေကြောင်း သတင်းရတာကြောင့် တာဝန်ရှိသူတွေနဲ့ အတူသွားရောက် စစ်ဆေးအရေးယူခဲ့တယ်လို့ လုမ္ပဏီနယ်မြေရဲစခန်း တာဝန်ကျ ရဲမေ ဒုရဲအုပ် အာဖာဖတ် ဒုန်းငင်းက သတင်းထောက်တွေကို ပြောပါတယ်။
ခင်းဖြစ်ပွါးတဲ့ အိုးရှင်းတာဝါ- ၂ ကုန်တိုက်ရှေ့မှာ အမျိုးသားတယောက် အော်ဟစ် သောင်းကျန်း နေတာကြောင့် ရဲတပ်ဖွဲ့ အင်အား ၁၀ ယောက်ကျော်က နှစ်ခွသံချွန်ပါအသုံးပြုပြီး ဝိုင်းဝန်း ဖမ်းဆီးခဲ့ရပါတယ်။
စစ်ဆေးချက်အရ အဆိုပါအမျိုးသားမှာ အသက် ၂၄ နှစ်ရွယ်ရှိ မြန်မာနိုင်ငံသား မောင်ငွေထွန်း ဖြစ်ပြီး သူက ဓားနဲ့ လိုက်ခုတ်တာကြောင့် နိုင်းဧကချိူင်း မားပရခုန်း ( ၃၀ နှစ် ) မှာ မျက်နှာ ရဲ့ ဘယ်ဘက်ခြမ်းမှာလည်းကောင်း ၊ နန်းဒုန်းဖွန်း မာနဝုန်းဆကွန်း ( ၅၈ နှစ် )က မျက်နှာမှာ လည်းကောင်း၊ မြန်မာအမျိုးသမီး မိရွှေဇင်ထက် ( ၃၀ နှစ် )က ဦးခေါင်းမှာ လည်းကောင်း အသီးသီး ဒဏ်ရာရခဲ့တယ်။
မောင်ငွေထွန်းမှာလည်း သူ့ကို လိုက်ဖမ်းစဉ် ရုန်းကန်လဲကျခဲ့တဲ့ ဒဏ်ရာတွေရသွားပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေက ဒဏ်ရာရသူ ၄ ယောက်လုံးကို နီးစပ်ရာဆေးရုံသို့ ပိုဆောင်ပေးခဲ့တယ်။
အခုလို လမ်းပေါ် ဟစ်အော်သောင်းကျန်းနေရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ ပမာဏ တွေ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းမေးမြန်းနေပြီး အနီးနားက မျက်မြင် သက်သေတွေလည်း ခေါ်ယူစစ်ဆေးနေ ပါတယ်။
လူမှုကွန်ရက်မှာပျံ့နေတဲ့ ဗွီဒီယိုမှာတော့ တီရှပ်အင်္ကျီအစိမ်းရောင် အပြာရင့်ရောင် ဘောင်းဘီတို ဝတ်ထားတဲ့ အမျိုးသား တယောက်ဟာ လမ်းဘေးဈေးဆိုင်က ပစ္စည်းတွေကို ထုနှက် ဖျက်ဆီးတဲ့ အပြင် နတ်ကွန်း ၂ စင်ကိုပါ ဖြိုချဖျက်ဆီးခဲ့တယ်၊ အဲဒီနောက် လမ်းသွားလမ်းလာတွေကိုလည်း ဓားနဲ့လိုက်ခုတ်နေတာကြောင့် အနီးနားနေပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေပါတယ်။
သောင်းကျန်းရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာတော့ သူ့မိန်းမကို ရှာမတွေ့လို့ စိတ်ဆိုးပြီး လျှောက်လုပ်တာဖြစ်တယ်၊ မူးယစ်ဆေးကြောင်ပြီး စိတ်ဖောက်ပြန်နေတာဖြစ်မယ် စသဖြင့် ထင်ကြေးပေးနေကြပါတယ်။
Source: Matichon / Khaosod










