
ဆော်ဒီအာရေဗျနဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပေါ် အီရန်ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သည်းခံနိုင်စွမ်း အကန့်အသတ်ရှိတယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန် အယ်လ်ဆော့ဒ် က သတိပေးပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေမှာ တုံ့ပြန်နိုင်တဲ့စွမ်းရည် ကြီးကြီးမားမား ရှိထားတာကြောင့် အီရန်အနေနဲ့ သူ့ရဲ့ မဟာဗျူဟာကို ချက်ချင်း ပြန်သုံးသပ်ဖို့ ဖိုင်ဆယ်က တိုက်တွန်းပါတယ်။
မတ် ၁၈ ရက်က ကာတာနိုင်ငံရဲ့ ရက်စ်လာဖန် စွမ်းအင်စက်ရုံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံရဲ့ ဟက်ဘ်ရှန်စွမ်းအင်စက်ရုံတွေကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် မတ် ၁၉ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးက အထက်ပါအတိုင်း တုံ့ပြန်ခဲ့တာပါ။
ကမ္ဘာ့သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်မှုရဲ့ ၂၀ ရာခိုင်နှုန်းရှိတဲ့ ရက်စ်လာဖန်စက်ရုံ တိုက်ခိုက် ခံရမှုကို ကာတာက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။ UAE ကလည်း ဒုံးကျည် ၁၃ စင်းနဲ့ ဒရုန်း ၂၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆော်ဒီအာရေဗျကလည်း ရီယာ့ဒ်မြို့နဲ့ အရှေ့ပိုင်းဒေသကို ပစ်ခတ်လာတဲ့ အီရန်ဒုံးကျည် ၆ စင်းကို ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အီရန်ရဲ့ ဆောက်ပါးစ်ဓာတ်ငွေ့သိုက်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် ပင်လယ်ကွေ့နိုင်ငံတွေ ကို လက်တုံ့ပြန်တာဖြစ်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ကြေညာထား ပါတယ်။
အီရန်ရဲ့ အခုလို အိမ်နီးချင်းတွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်ဟာ ရုတ်တရက် တုံ့ပြန်တာမျိုး မဟုတ်ဘဲ ၁၀ စုနှစ်တခုကျော်ကတည်းက ကြိုတင်ကြံစည်ထားတဲ့ စစ်ရေးဗျူဟာဖြစ်တယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပါတယ်။
Source: Reuters










