DVB Logo
Home
Lead Story
ပေါ်တူဂီအသင်းနှင့် ဒီအာရ်ကွန်ဂိုအသင်းတို့ တဂိုးစီ သရေကျ 
DVB
·
June 18, 2026
ပေါ်တူဂီအသင်းနှင့် ဒီအာရ်ကွန်ဂိုအသင်းတို့ တဂိုးစီ သရေကျ 
1 / 9
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (K) ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနဲ့  ဒီအာရ်ကွန်ဂိုအသင်းတို့  အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်အားကစားကွင်းမှာ ဒေသအချိန်  ဇွန်လ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်မှာ နည်းပြရော်ဘတ်တို မာတီးနက်ဇ်ရဲ့ ပေါ်တူဂီအသင်းဟာ  ၇၅ ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်မှုရှိခဲ့ပေမဲ့ စိတ်ပျက်ဖွယ် သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။  

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာလည်း ပွဲထွက်လူစာရင်းမှ ပါဝင်ခဲ့ပေမဲ့  ရုန်းကန်ခဲ့ရပြီး မျှော်မှန်းထားသလို သက်ရောက်မှုမျိုး မပြနိုင်ခဲ့ဘဲ အခွင့်အရေး ၂ ကြိမ်ကို လွဲချော်ခဲ့ကာ အဓိကပြိုင်ပွဲကြီးတွေမှာ ဂိုးမသွင်းနိုင်တာ  ၁၀ ပွဲအထိရှိသွားပြီဖြစ်ပါတယ်။

ဒီပွဲ ပွဲစပြီး ပထမပိုင်း ၆ မိနစ်အတွင်းမှာပဲ ကွင်းလယ်လူ ဟွာအို နီဗက်စ်က ပါးနပ်တဲ့ ခေါင်းတိုက်ဂိုးနဲ့ ပေါ်တူဂီအသင်းကို ဦးဆောင်ဂိုး ရယူပေးခဲ့ပေမဲ့ ဒီဂိုးဟာ တပွဲလုံးမှာ ပေါ်တူဂီအသင်းရဲ့ ဂိုးပေါက်တည့်ခဲ့တဲ့ လုံးတည်း လုပ်ဆောင်ချက်ဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းမှာ အကောင်းဆုံး ကွင်းလယ်လူ ၅ ယောက် အထိ ရှိနေပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရထားပေမဲ့ ဂိုးသွင်းခွင့်တွေရအောင် သိပ်များများစားစား မဖန်တီးပေးနိုင်ခဲ့သလို  ဂိုးပေါက်ကန်သွင်းမှုတွေအဖြစ်လည်း  မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒီအာရ် ကွန်ဂိုအသင်းကတော့ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းကစားခဲ့တာကြောင့် ပထမပိုင်း နာကျင်အချိန်ပို ၅ မိနစ်မှာ  နယူးကာဆယ်တိုက်စစ်မှူး ယိုအန် ဝီဆာက   လူကပ်မခံရတဲ့ အနေအထားကနေ မာဆူအာကူရဲ့ ဖြတ်တင်ဘောကို ၆ ကိုက်အကွာကနေ ခေါင်းတိုက်ကာ အသင်းအတွက်  သမိုင်းဝင် ပထမဆုံးသော ကမ္ဘာ့ဖလားဂိုးကို  သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးကြောင့် ၁၉၇၄ ခုနှစ်က ဇိုင်ယာနာမည်နဲ့ ကမ္ဘာ့ဖလား ဝင်ပြိုင်ပွဲဝင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဖိုးတန် သရေ ၁ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၄၆ ရှိ ဒီအာရ် ကွန်ဂိုအသင်းဟာ ခံစစ်ကို ကောင်းမွန်စွာ ကစားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေအတွက် ပိုမိုခက်ခဲတဲ့ အသင်း ဖြစ်လာဖို့ ရှိပါတယ်။ 

ပေါ်တူဂီအသင်းရဲ့ ပွဲထွက် ၁၁ ယောက်မှာ ဘာနာဒို ဆေးလ်ဗား တယောက်တည်းသာ ရော်နယ်ဒိုထက် ဘောလုံးထိချက် နည်းခဲ့ပါတယ်။ 

ဆေးလ်ဗားက ဘောလုံးထိချက် ၂၆ ကြိမ်ရှိခဲ့ပြီး ရော်နယ်ဒိုက ၂၉ ကြိမ် ရှိခဲ့ကာ ဆေးလ်ဗားက ပထမပိုင်းအပြီး လူစားလဲခြင်း ခံခဲ့ရပေမဲ့ ရော်နယ်ဒိုက မိနစ် ၉၀ ပြည့် ကစားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အာဂျင်တီးနားမှ မက်ဆီနည်းတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခဲ့ပြီး စံချိန်တူညီသွားခဲ့ပေမဲ့ မတူညီတဲ့ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ကစားသမားဖြစ်လာဖို့ ဆက်လက် စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အသက် ၄၁ နှစ်၊ ၁၃၂ ရက်နဲ့  ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ပွဲထွက်ကစားခွင့်ရတဲ့ (Outfield player) ဂိုးသမားလွဲလို့ ကွင်းအတွင်းကစားခဲ့တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ဇွန် ၂၃ ရက်မှာ ဟူစတန်မြို့မှာ ဥဇဘက်ကစ္စတန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီအာရ် ကွန်ဂိုအသင်းကတော့ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Source: SkySports/ BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013