DVB Logo
Home
အားကစား
စီရော်နယ်ဒို ပေါ်တူဂီလက်ရွေးစင် ကစားသမားဘဝမှ အနားယူ 
DVB
·
November 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပေါ်တူဂီ ဂန္ထဝင်ကစားသမား ခရစ်စတီယာနို ရော်နယ်ဒိုက ပေါ်တူဂီလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်ပြီး နိုင်ငံတကာ ဘောလုံးလောက ကနေ အနားယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

“ပေါ်တူဂီပြည်သူတွေအတွက် ကျနော့်ရဲ့ လက်ရွေးစင်အသင်း အင်္ကျီနံပါတ် ၇ ကို ပြန်လည်လွှဲပြောင်းပေးရမဲ့နေ့ ရောက်ရှိလို့လာခဲ့ပါပြီ"လို့ ရော်နယ်ဒိုက အင်စတာဂရမ် ဗီဒီယိုကနေ  ပြောကြားခဲ့ပါတယ်။ 

"ဒီကျောနံပါတ်ဟာ ကျနော်တယောက်တည်း ပိုင်ဆိုင်ခဲ့တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ ဒါပေမဲ့ ၂၃ နှစ်တိုင်တိုင် ကမ္ဘာတဝန်းက အားကစားကွင်းတွေဆီ ဒီကျောနံပါတ်ကို ဝတ်ဆင်ပြီး၊ ကာကွယ်ရင်း၊ ယူဆောင်သွားခွင့်ရခဲ့တဲ့ အခွင့်အရေးနဲ့ တာဝန်ဝတ္တရားတွေ ကျနော့်မှာ ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီတာဝန်ကို အနာဂတ်မျိုးဆက်တွေဆီ လွှဲပြောင်းပေးရမဲ့ အချိန် ရောက်လာခဲ့ပါပြီ။ ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ တချို့သော ဆုံးဖြတ်ချက်တွေကို ဦးနှောက်တခုတည်းနဲ့ မဆုံးဖြတ်ဘဲ နှလုံးသားနဲ့ပါ ဆုံးဖြတ်ရတာကြောင့် ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး ကျနော့်ဘဝကို ထာဝရပြောင်းလဲစေခဲ့တဲ့ ခရီးစဉ်တခုဟာ အခုဆိုရင် အဆုံးသတ်သွားခဲ့ပါပြီ။”  

အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူးရောနယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ ပေါ်တူဂီအသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီးနောက်ပိုင်း အမျိုးသားလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၃၄ ပွဲ ( တချို့သတင်းများတွင် ၂၄၃ ပွဲ) ပါဝင်ကစားကာ ၁၄၆ ဂိုး သွင်းယူပေးခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူပါ။ 

ပြီးခဲ့တဲ့လက ဒိန်းမတ်နဲ့ ကစားရမဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ရမှာ မဟုတ်ကြောင်း ပြောကြားခံရပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားခဲ့လို့ ဒဏ်ငွေနဲ့ ပွဲပယ်ပြစ်ဒဏ်ခံထားရ ပါတယ်။

စီရော်နယ်ဒိုက "ဒီနေ့မှာတော့ လက်ရွေးစင်အသင်းနဲ့အတူ ကွင်းအတွင်း လျှောက်လှမ်းခဲ့တဲ့ ကျနော့်ရဲ့ခရီးကို အဆုံးသတ်လိုက်ပါပြီ။ လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအတွက် ဂုဏ်ယူမှုတွေ၊ ပေါ်တူဂီအတွက် ကျနော်တတ်နိုင်သမျှ အကုန်ပေးဆပ်ခဲ့တယ်ဆိုတဲ့အသိတရားတွေနဲ့အတူ ခေါင်းကို မြင့်မြင့်မားမားမော့လို့ ထွက်ခွာသွားပါတယ်။ သွင်းဂိုးတွေ ကုန်လွန်သွားမယ်၊ ဖလားတွေဟာ ပြတိုက်ထဲ ရောက်သွားမယ်၊ စံချိန်တွေဟာလည်း တနေ့မှာ လှဲဖျက်ခြင်းခံရလိမ့်မယ်။ ဒါပေမဲ့ အချိန်ကာလက ဘယ်တော့မှ ချေဖျက်လို့မရနိုင်တဲ့အရာတခုကတော့ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ကျနော်တို့ ရယူထားနိုင်ခဲ့တဲ့ နေရာပါပဲ”လို့ ပြောပါတယ်။

ပေါ်တူဂီအတွက် ယူရို ၂၀၁၆ ချန်ပီယံဆုနဲ့ နေးရှင်းလိဂ်ဖလား ၂ ကြိမ်ကို ဆွတ်ခူးပေးခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ  ၂၃ နှစ်ကြာ တောက်ပခဲ့သော လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနဲ့  သူ့ကို အာပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားပါတယ်။

“ဒီ၂၃ နှစ်တာအတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ယုံကြည်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ပေါ်တူဂီဟာ ကျနော့်ရင်ထဲမှာ ထာဝရရှိနေမှာပါ။"

ရော်နယ်ဒိုဟာလက်ရွေးစင်အသင်းကနေ အနားယူသွားပြီဖြစ်ပေမဲ့ အခုလက်ရှိမှာ ဆော်ဒီလိဂ်မှာ အယ်လ်နာဆာအသင်းအတွက် ထိပ်တန်းတိုက်စစ်မှူးအဖြစ် ဆက်လက်ရပ်တည်နေပြီး သွင်းဂိုး ၁,၀၀၀ ရည်မှန်းချက် ပြည့်မီအောင် ဆက်လက် ကြိုးပမ်းနေပါတယ်။ 

Source: Sky Sports/ BBC Sport

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013