
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် (FPF) ဟာ နိုင်ငံလက်ရွေးစင်အသင်းစခန်းကနေ ပြီးခဲ့တဲ့လက ထွက်ခွာသွားခဲ့တဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုကို ရက် ၃၀ ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ယူရို ၂၅၅ (ပေါင် ၂၁၅ ဝန်းကျင်) ဒဏ်ငွေ ချမှတ်လိုက်ပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ နော်ဝေနဲ့ပွဲမှာ အရန်ခုံမှာပဲ ထိုင်ခဲ့ရပြီးနောက် အောက်တိုဘာ ၁ ရက်နေ့ ဒိန်းမတ်နဲ့ပွဲမှာလည်း ပွဲထွက်ခွင့်ရမှာ မဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာ စက်တင်ဘာလအတွင်းက ပေါ်တူဂီအသင်းစခန်းကနေ ရုတ်တရက် ထွက်ခွာသွားခဲ့တာပါ။
ရော်နယ်ဒိုကတော့ အဲဒီလို ထွက်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပေါ်တူဂီနည်းပြ ဂျော့ဂျ်ဂျီးဆပ်က သူ့ကို ကတိ ၂ ကြိမ်တိုင်တိုင် ဖျက်ခဲ့တယ်လို့ ရှည်လျားတဲ့ ထုတ်ပြန်ချက်တခု ထုတ်ပြန် စွပ်စွဲ ပြောဆိုထားပါတယ်။
အယ်လ်နာဆာ တိုက်စစ်မှူးရဲ့ ဒီပွဲပယ်ပြစ်ဒဏ်ဟာ ဒိန်းမတ်ပွဲစဉ် ကျင်းပတဲ့နေ့ကတည်းက စတင်တွက်ချက်တာဖြစ်လို့ လက်ရှိအချိန်မှာ ပြစ်ဒဏ် ၁၉ ရက်တောင် ကျခံပြီးသား ဖြစ်သွားပါပြီ။
ဒါကြောင့် ရှေ့လာမဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်တွေကိုတော့ လွဲချော်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပေါ်တူဂီအသင်းဟာ နိုဝင်ဘာ ၁၄ ရက်မှာ ဒိန်းမတ်နဲ့ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ထပ်မံကစားရမှာ ဖြစ်ပြီး ၃ ရက်အကြာမှာတော့ ဝေလအသင်းဆီ သွားရောက်ယှဉ်ပြိုင်ရမှာပါ။
စည်းကမ်းထိန်းသိမ်းရေးကော်မတီဘက်ကတော့ ရော်နယ်ဒိုရဲ့ ထုတ်ပြန်ချက်ထဲမှာ နောင်တရကြောင်း ဖော်ပြထားချက်၊ ဘောလုံးလောကအတွက် ပံ့ပိုးပေးခဲ့မှုနဲ့ အားကစားဆိုင်ရာ ဂုဏ်ပြုထိုက်တဲ့ အောင်မြင်ချက်တွေကို ထည့်သွင်းစဉ်းစားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဘက်ကလည်း သူ့ရဲ့ ဆုတံဆိပ်နဲ့ အောင်မြင်မှုတွေပါတဲ့ ကိုယ်ရေးအချက်အလက် (CV) ကိုပါ ခုခံချေပချက်အနေနဲ့ တင်ပြခဲ့ပါသေးတယ်။
အဲဒီမတိုင်ခင်ကလည်း ရော်နယ်ဒိုဟာ သူ့ရဲ့လုပ်ရပ်အတွက် တာဝန်ယူကြောင်း၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း၊ အပြစ်ဒဏ်ကိုလည်း ခံယူထိုက်ကြောင်း ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။
နည်းပြ ဂျီးဆပ် ကတော့ ရော်နယ်ဒိုနဲ့ ဘာသဘောတူညီချက်မှ မရှိခဲ့ဘူးလို့ ငြင်းဆိုထားပေမဲ့ အသင်းဆီ ပြန်လာဖို့အတွက် တံခါးကိုတော့ ပိတ်မထားပါဘူး။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပက်ဒရို ပရိုအန်ဆာကလည်း ဒီကိစ္စတွေ ပြေလည်သွားတာနဲ့ ရော်နယ်ဒိုကို နိုင်ငံအသင်းဆီ ပြန်လည်ခေါ်ယူချင်တဲ့ ပြင်းပြတဲ့ဆန္ဒ ရှိနေတယ်လို့ ပေါ်တူဂီသတင်းဌာန Record ကို ပြောကြားထားပါတယ်။











