
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီး သီရိအနော်ရထာ ၁၁ လမ်းမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်၊ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ ပျဉ်းမနားခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွဆီက သိရပါတယ်။
တရားခံတွေဖြစ်တဲ့ ကျော်ထက်ဦးနဲ့ အောင်သူဝင်း (ခ) ကိုသူ တို့ကို ဇူလိုင် ၂၀ ရက်က ပျဉ်းမနားခရိုင် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ) အတွက် မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေဖို့နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အတွက် အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက်က “ရာဇဝတ်ကြီးမှုအမှတ် ၅၆/၂၀၂၅ နဲ့ တရားရုံးက စစ်ဆေးနေတဲ့အမှုလို့ သိရပါတယ်။ နှစ်ယောက်လုံးကို သေဒဏ်အပြင် အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ အမိန့်ချလိုက်တာလို့ နားလည်ရပါတယ်။ သီးခြားစီ ကျခံရမဲ့သဘောပါ” လို့ ပြောပါတယ်။
ပြစ်ဒဏ်တွေ ချမှတ်ခံရတဲ့ လူသတ်၊ လုယက်မှု ကျူးလွန်ခဲ့တဲ့ ကျော်ထက်ဦးနဲ့ အောင်သူဝင်း (ခ) ကိုသူ တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က သီရိရတနာ အဆင့်မြင့်ဈေး ဆိုင်းဘုတ်အနီး သီရိအနော်ရထာ ၁၁ လမ်းမှာ တယောက်တည်း ဆိုင်ကယ်မောင်းလာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုကျော်ဝင်းထွန်း ကို ဓားနဲ့ထိုးပြီး ဆိုင်ကယ်ကို လုယက်ယူဆောင်သွားတာလို့ သိရပါတယ်။
ဓားနဲ့ထိုးခံရပြီး ဆိုင်ကယ်လုယက်ခံရတဲ့ကို ကျော်ဝင်းထွန်းဟာ ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး လဲကျနေတာကြောင့် ကူညီကယ်ဆယ်ရေးသမားတွေက နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုကျော်ဝင်းထွန်း စီးလာတဲ့ CANDA-110 မော်တော်ဆိုင်ကယ်ကို တရားခံ ကျော်ထက်ဦးနဲ့ အောင်သူဝင်း (ခ) ကိုသူ တို့က မောင်းနှင်ယူဆောင်သွားတာကို CCTV မှတ်တမ်းတွေကနေတဆင့် ဖော်ထုတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ တရားခံ ၂ ယောက်ဖြစ်တဲ့ ကျော်ထက်ဦးနဲ့ အောင်သူဝင်း (ခ) ကိုသူ တို့ကို ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။











