
ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ကို ဆယ်ကျော်သက်ရွယ် ထိုင်းလူငယ် ၄ ယောက်က သေဆုံးတဲ့ထိ ဝိုင်းဝန်းထိုးနှက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက် ည ၉ နာရီကျော်က နခွန်းရာ့ချ်ဆီမား (ခိုရတ်)မြို့ မြို့တွင်းရပ်ကွက် ကျီရလမ်း မီးရထားလမ်းဘေး အမှိုက်ပုံဘေးမှာ လူတယောက် ဒဏ်ရာတွေနဲ့ လဲကျနေကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ခိုရတ်နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ လူတယောက် အိတ်ကို ရင်မှာပိုက်ပြီး သွေးအိုင်ထဲ လဲကျနေတယ်။ ရင်ဘတ်မှာ ဓားထိုးခံရတဲ့ဒဏ်ရာအပြင် ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာလည်း ထိုးကြိတ်ရာတွေ တွေ့ရှိတယ်၊ တာဝန်ရှိသူတွေဟာ ရှေးဦးသူနာပြုစုနည်းနဲ့ အသက်ကယ်ဖို့ ကြိုးစားပေမဲ့ မကြာခင်အချိန်တွင်း သေဆုံးသွားပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၅ နှစ်ရွယ် အောင်ကျော်စိုး ဆိုသူ မြန်မာရွှေ့ပြောင်းလုပ်သားတယောက် ဖြစ်တယ်၊ ဒီမတိုင်ခင်ရှေ့က အဲဒီနေရာတဝိုက်မှာ ခိုက်ရန်ဖြစ်ပွားသံတွေ ကြားရပြီး တခဏအကြာ ဆိုင်ကယ် ၂ စီး မောင်းထွက်သွားသံ ကြားရတယ်လို့ အနီးအနားနေ ပြည်သူတယောက်က ပြောပါတယ်။
တာဝန်ရှိသူတွေက စီစီကင်မရာကနေ စစ်ဆေးပြီး တရားခံကို လိုက်လံဖမ်းဆီးတာမှာ မေ ၂၂ ရက်နေ့မှာတော့ ဆယ်ကျော်သက်အရွယ် ထိုင်းလူငယ် ၄ ယောက်အား ထိုးနှက်မှုမှာ ကျူးလွန်ခဲ့တဲ့ ၁၄ စင်တီမီတာရှည် ဓားတချောင်းကိုပါ သက်သေအဖြစ် ဖမ်းဆီးရမိတယ်။
သူတို့ဟာ သေဆုံးသူနဲ့ ယခင်က မတွေ့ဖူး၊ မကျွမ်းဖူးဘူး။ အခင်းဖြစ်တဲ့ညက ကိစ္စတခုကြောင့် စကားမျာ းရန်ဖြစ်တယ်။ အဲဒီနောက် ပဖန်းကွဏ်း ဆိုသူ အသက် ၁၉ နှစ်ရွယ်က ဓားနဲ့ ထိုးတယ်။ အသက် ၁၅ နှစ်ရွယ် ခီး နဲ့ နွတ် ဆိုသူ လူငယ် ၂ ယောက် ခြေထောက်နဲ့ကန်ပြီး ၁၃ နှစ်အရွယ် တေ့ ဆိုသူ လူငယ်က ဆိုင်ကယ်ဆောင်းဦးထုပ်နဲ့ ခေါင်းကိုထုခဲ့တယ်လို့ ၄ ယောက်လုံးက ဖွင့်ဟဝန်ခံထားပါတယ်။
ကျူးလွန်သူတွေရဲ့ ကိုယ်ရေးရာဇဝင်စစ်ဆေးချက်အရ ပဖန်းကွဏ်းမှာ ခိုးမှု ၂ မှု ကျူးလွန်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကမှ ထောင်က ထွက်လာတယ်။ ကျန် ၃ ယောက်တော့ ရာဇဝတ်မှု ကျူးလွန်တဲ့ ရာဇဝင်မရှိဖူးဘူးလို့ သတင်းမှာဖော်ပြပါတယ်။
ဒီတခေါက်မှာတော့ သူတို့ကို ခိုရတ်နယ်မြေရဲစခန်းက တပါးသူအား သေဆုံးအောင် တမင်ရည်ရွယ်လုပ်ဆောင်မှုနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source - tna.mcot News / CH7 HD News










