
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို ဇူလိုင် ၃၁ ရက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လင်မယားနှစ်ယောက်အပါအဝင် ၄ ယောက် သေဆုံးပြီး ကလေးအပါအဝင် ၁ ယောက် ဒဏ်ရာရတယ်လို့ သံတွဲဒေသခံတွေဆီက သိရ ပါတယ်။
မွန်းလွဲ ၂ နာရီ ကျော်က စတင်ပြီး ၃ နာရီကျော်ထိ ၂ ကြိမ် ဗုံးကြဲခဲ့ပြီး ပေါင် ၃၀၀ ဗုံး ၂ လုံး၊ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ရွှေလှေရွာကို လာပစ်တာ ၄ ယောက်သေတယ်။ တခါတည်း ဆိုင်ကို တန်းကျတာပါ ပေါင် ၅၀၀ ဗုံး။ အဲဒီဆိုင်မှာ စျေးရောင်းနေတဲ့ဆွေမျိုး မိန်းကလေး တယောက်လည်း သေသွားတယ်။ နောက်ထပ် ၂ ယောက်လည်း ဒဏ်ရာရတယ်” လို့ပြောပါတယ်။
ဆိုင်ရှင်မိသားစုဝင် ၃ ယောက်နဲ့ တခြား အမျိုးသား တယောက် သေဆုံးပြီး သေဆုံးသူ လင်မယားရဲ့ကလေးနဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံနောက် တယောက်က ပြောပါတယ်။
“ရွှေလှေတိုက်နယ်ရွာရဲ့ စာသင်ကျောင်းအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် ကြဲသွားတာ။ အသက်မပြည့်သေးတဲ့ ကလေးတဦးအပါအဝင် ၄ ဦးသေဆုံးတယ်။ သူတို့က အားလုံး ဆွေမျိုးတွေချည်းပဲ။ အိမ်တအိမ်က ဆိုင်သည်လင်မယားနှစ်ဦးသေတယ်။ နောက်ထပ် ဆိုင်ရောင်းနေတဲ့ ဆွေမျိုးမိန်းကလေးငယ်တဦးနဲ့ အမျိုးသားတဦး သေတယ်။ နောက်ထပ် အမျိုးသား တဦးနဲ့ ကလေးငယ်တဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်။ အိမ်တွေနဲ့ ကားတွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်” လို့ပြောပါတယ်။
ဦးမျိုးဇော်ဝင်း(၃၇ နှစ်)၊ သူရဲ့ ဇနီးဖြစ်သူ ဒေါ်မေမြတ်လွင်(၃၇ နှစ်)၊ သူတို့ရဲ့ ဆွေမျိုးဖြစ်သူ မဆွေဇင်အေး(၁၇)နဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး ဦးမျိုးဇော်ဝင်းရဲ့ သား မောင်ဉာဏ်လင်းထက် (၁ နှစ်ခွဲ)နဲ့ ဦးဇော်သိန်း(၅၀ နှစ်)တို့ ဒဏ်ရာရခဲ့ပါတယ်။
ဗုံးတွေဟာ လင်းသီရွာနဲ့ ရွှေလှေရွာကြား ရွှေလှေကျေးရွာစာသင်ကျောင်းအနီးကို ကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်ကို စစ်အာဏာရှင်တပ်က ဇူလိုင်လထဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၈ ကြိမ်အထိ ရှိလာလို့ ဒေသခံတွေဟာ လေယာဉ်သံကြားရင် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ပဲ ဖြတ်သန်းနေကြရတော့တယ်လို့ သံတွဲမြို့ခံ အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“သံတွဲမြို့ပေါ်နဲ့ ငပလီမြို့အပါအဝင် အခြားကျေးရွာတွေကိုပါဆို ၈ ကြိမ်ရှိပြီ။ ဒေသခံတွေလည်း လေယာဉ်သံကြားရင် အရမ်းကြောက်နေကြပြီ။ ကလေးတွေဆို အရမ်းလန့်ဖြန့်ကြတာ။ စစ်အာဏာရှင်ရူးတွေရဲ့ လူမဆန်တဲ့ဗုံးကြဲသတ်ဖြတ်မှုကို ထိရောက်တဲ့အရေးယူမှုပဲ ပြုလုပ် စေချင်တယ်” လို့ပြောပါတယ်။
အခု တိုက်ခိုက်ခံရတဲ့ ရွှေလှေကျေးရွာဟာ သံတွဲ-တောင်ကုတ်လမ်းပေါ်က တိုက်နယ်ကျေးရွာကြီး တခုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ သံတွဲတိုက်ပွဲကာလကလည်း မကြာခဏ ဗုံးကြဲခံရတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ဇူလိုင် ၂၃ ရက်က ငပလီမြို့၊ ဂျိတ္တောနဲ့ လင်းသာရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၄ ရက် ကလည်း သံတွဲမြို့ပေါ်က လူနေရပ်ကွက်တွေကို ဂျက်ဖိုက်တာတွေနဲ့ နာရီပေါင်းများစွာ ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် စုစုပေါင်း ၂၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အများအပြားလည်း ဗုံးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။










