
ငဝန်တာကျိုးပေါက်ခဲ့လို့ ကျေးရွာတွေ ရေကြီးနစ်မြုပ်ခဲ့ရတဲ့ သတင်းကို စစ်အာဏာရှင် လက်အောက်ခံ အစိုးရအဖွဲ့ရဲ့ မီဒီယာဌာနတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ဒီလ ၂ ရက် နောက်ပိုင်းကစလို့ တာကျိုးပေါက်အစား တာတမံနိမ့်ကျလို့ ရေကျော်စီးဝင်လာတယ်လို့ ပြောင်းလဲသုံးနှုန်းတာကို တွေ့ရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငဝန်တာရဲ့ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းတာကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်တယ်လို့ သုံးဖို့ အမိန့်ပေးလာတာပေါ့။ တကယ်က ကျိုးတာ။ အဲဒါကို ရေဘေးကိစ္စနဲ့ပတ်သက်ပြီး မီဒီယာနည်းနဲ့လည်း အမှန်သိနိုင်ဖို့ တိုင်းဧရာပေ့ချ်ကို မဖြစ်မနေ ရှဲပေးဖို့လည်း ဝန်ကြီးချုပ်က ညွှန်ကြားပါတယ်ဆိုပြီး ထွက်လာတာ။ တာမကျိုးခင်က တာဝန်ရှိသူတွေ သွားကြည့်တယ်။ တာပေါ်ကို သဲအိတ်တွေ ထပ်ဖိ မြှင့်တယ်။ အောက်က တာက မခံနိုင်တော့ ပြဲကျတယ်။ အဲဒီမှာ တာကကျိုးရော။ အဲဒါကို မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်တယ် ဘာညာဆိုပြီး လွှဲချတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ငဝန်တာကျိုးပေါက်ခဲ့တာကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း စတဲ့မြို့နယ်တွေအထိပါ ရေကြီးလာနေပြီး ကျေးရွာပေါင်း ရာနဲ့ချီ လက်ရှိချိန်ထိ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ရေဘေးသင့်ပြည်သူတွေက တနေ့ထက်တနေ့ ပိုမိုတိုးလာနေပြီး နေရာထိုင်ခင်း၊ အမိုးအကာ၊ အစားအသောက်၊ ဆေးဝါးနဲ့ ရေသန့်တွေလည်း လိုအပ်နေကာ ရေပြန်ကျဖို့ အနည်းဆုံး ၂ လဝန်းကျင်လောက် ကြာမြင့်နိုင်တယ်လို့လည်း ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
မြေပြင်ရောက်ရှိနေတဲ့ ကယ်ဆယ်ရေးသမားတယောက်က “အိုင်သပြု၊ လေးမျက်နှာဘက်ကတော့ ရေက နည်းနည်းကျလာပြီလို့တော့ ပြောရမယ်။ ကျလာတယ်ဆိုပေမဲ့ ရေက ငါးသိုင်းချောင်းဘက်ကို ဆင်းလာတော့ အဲဒီဘက်တော့ ရေက တက်နေပြီပေါ့။ လိုအပ်တာတွေကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် လေးမျက်နှာနဲ့ အိုင်သပြုဘက်ကတော့ လိုအပ်တာထက် ပိုသွားပြီ ပြောလို့ရတယ်။ အလှူရှင်တွေက ဆက်တိုက်ဝင်တာဆိုတော့လေ။ လက်ရှိကတော့ ငါးသိုင်းချောင်းတို့ ဘာတို့ဘက်ကတော့ လိုတာပေါ့။ အဲဒီဘက်က ရေဘေးမလာခင်ကတည်းက စစ်ဘေးရှောင်တွေပါရှိတော့ စစ်ဘေးရော၊ ရေဘေးပါ ကြုံနေရတာပေါ့။ အခုကတော့ အတော်များများကိုလည်း ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပေးထားပါတယ်” လို့ ပြောပါတယ်။
ငါးသိုင်းချောင်းမြို့မှာတော့ အနိမ့်ပိုင်းတွေဖြစ်တဲ့ မဲဇလီကုန်းကမ်းနားလမ်း၊ ဆိတ်ချေးကုန်း၊ ဗောဓိကုန်း၊ ရွာသစ်ကုန်း၊ ငှက်ကြီးသိုက်ကုန်း၊ ဘုရားလမ်း၊ ရိုးကြီးလမ်း၊ မဂ္ဂင်လမ်း၊ ရွှေဘို၊ တိုးချဲ့၊ တာကြီးတန်း စတဲ့နေရာတွေ ရေကြီးနစ်မြုပ်နေပြီ ဖြစ်တယ်လို့ ဒေသခံတချို့ထံက သိရပါတယ်။
စစ်အာဏာရှင်အစိုးရဟာ ပြီးခဲ့တဲ့နှစ်က ကြုံခဲ့ရတဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံး သေဆုံး၊ ပျက်စီးခဲ့ရတဲ့ စစ်ကိုင်းငလျင် ကပ်ဘေးကိုလည်း နောက်ပိုင်းမှာ မန္တလေးငလျင်လို့ ပြောင်းလဲ သုံးနှုန်းစေခဲ့ပါတယ်။
Photo: ငါးသိုင်းချောင်းကြက်ခြေနီ










