
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအကျပ်အတည်းမှာ တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာနေကြောင်း ၂၀၂၆ ခုနှစ် မေ ၂ ရက်ထုတ် Hunger Hotspots Report မှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ ၁၆ ဒသမ ၇ သန်းမှာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။
ဒါဟာ နိုင်ငံ့လူဦးရေအရကြည့်ရင် လူ ၃ ယောက်မှာ တယောက်နှုန်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ ၁၃ ဒသမ ၃ သန်း ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အစာရေစာပြတ်လပ်မှု အဆိုးရွားဆုံးနိုင်ငံများအနက် အဆင့် ၅ နေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
အကျပ်အတည်းရဲ့ အဆိုးရွားဆုံးသက်ရောက်မှုမှာ ကလေးငယ်တွေနဲ့ မိခင်တွေအပေါ် ကျရောက်နေပြီး ကလေးနဲ့ မိခင် ၄ သိန်းကျော်မှာ အာဟာရဓာတ်နည်းပါးတဲ့ ဆန်ဖြူသက်သက် ဒါမှမဟုတ် ဆန်ပြုတ်ပါးပါးနဲ့သာ အသက်ဆက်ရှင်သန်နိုင်ဖို့ စားသောက်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အသက် ၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်းလည်း မြင့်တက်လာခဲ့ပြီး လက်ရှိမှာ အသက်ရှင်မွေးဖွားသူ အယောက် ၁,၀၀၀ မှာ ၃၉ ယောက် သေဆုံးနေကာ ဒေသတွင်းနိုင်ငံတွေရဲ့ ပျမ်းမျှနှုန်းထက် ၃ ဆနီးပါး မြင့်မားနေတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်း အခြေခံစားသောက်ကုန်ဈေးနှုန်းမှာလည်း အာဏာမသိမ်းမီကထက် ၄ ဆနီးပါး မြင့်တက်လာနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကတည်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ခံထားရမှုကြောင့် လူပေါင်း ၂ သန်းလောက် အစာငတ်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပြန်ထားပါတယ်။
စစ်ရေးပဋိပက္ခ ပြင်းထန်လာတာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိတ်ဆို့ခံရတာ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ထိခိုက်ပျက်စီးတာနဲ့ သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအကျပ်အတည်းမှာ ပိုမို ဆိုးရွားလာနိုင်ကြောင်း သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။
အထူးသဖြင့် ကလေးငယ်တွေ၊ မိခင်တွေနဲ့ ပဋိပက္ခဒေသရှိ ပြည်သူလူထုအတွက် အရေးပေါ်အကူအညီနဲ့ ရေရှည်ထောက်ပံ့မှုတွေ မရရှိပါက အစာငတ်မွတ်မှုနဲ့ အာဟာရချို့တဲ့မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်းလည်း အစီရင်ခံစာက သတိပေးထားပါတယ်။











