
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲမှာ တရားမဝင် ဆယ်နှစ်ခံ (နိုင်ငံမဲ့သူများ) မှတ်ပုံတင်ကတ်ပြား ထုတ်ပေးမှုကို ဝင်ရောက်နှိမ်နင်းတာမှာ မှတ်ပုံတင်ရထားတဲ့ မြန်မာလုပ်သားတွေရော၊ ထုတ်ပေးသူ ထိုင်းမှတ်ပုံတင်အရာရှိနဲ့ သက်သေတွေ၊ အိမ်ရှင်တွေပါ စုစုပေါင်း ၂၆ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်းမှာ တရားမဝင်တဲ့နည်းနဲ့ နိုင်ငံမဲ့သူများသက်သေခံကတ် (ဆယ်နှစ်ခံကတ်) ထုတ်ပေးနေမှုကို SET Zero (အရိပ်မည်းကိုရှင်းလင်းခြင်း) စီမံချက်နဲ့ ဆောင်ရွက်နှိမ် နင်းနေတာမှာ ပြီးခဲ့တဲ့ ဇူလိုင်လက အပိုင်း ၁ ကို စူရတ်ဌာနီခရိုင် ဒွန်းဆဒ်မြို့နယ်မှာ နှိမ်နင်းခဲ့ပြီး နောက်ထပ် အခြားမြို့နယ်တွေမှာလည်း အလားတူ ပြဿနာတွေ ရှိနေကြောင်း ကြားရတာကြောင့် SET Zero စီမံချက်အပိုင်း ၂ ကို ဆက်လက်ဆောင်ရွက်ရတာလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရန်း နွန်းမားက စက်တင်ဘာ ၁၇ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
စုံစမ်းထောက်လှမ်းချက်တွေအရ စူရတ်ဌာနီခရိုင် ကန်ကျနဒီး နဲ့ ကော့စမွီမြို့နယ်ထဲမှာ ပတ်စ်ပို့ရှိ၊ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံကတ် (အစိမ်းရောင်ကတ်) ရှိ၊ အလုပ်သမားကတ်ရှိပြီးသား ရွှေ့ပြောင်းအလုပ်သမားတွေဟာ နောက်ထပ် နိုင်ငံမဲ့သူများသက်သေခံကတ် (ဆယ်နှစ်ခံကတ်) တွေ ကိုင်ဆောင်ထားပြန်တယ်၊ ဒီကတ်တွေ ထုတ်ပေးရာမှာ မြို့နယ်ရုံးက မှတ်ပုံတင်အရာရှိ နဲ့ ဝန်ထမ်း ၄ ယောက်၊ အိမ်ထောင်စုဇယားပိုင်ရှင် နဲ့ အသိသက်သေ လက်မှတ်ထိုးပေးသူ ၁၀ ယောက်၊ တရားမဝင် ဆယ်နှစ်ကတ် ကိုင်ဆောင်သူ ၁၉ ယောက်ရှိတာကြောင့် သူတို့ ၃၃ ယောက်လုံးကို တရားဥပဒေနဲ့အညီ အရေးယူဖို့ ခရိုင်တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရန်း နွန်းမား ဦးဆောင်ပြီး အိမ်ထောင်စု နဲ့ မှတ်ပုံတင်လုံခြုံရေးဌာန၊ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ ငွေကြေးခဝါချမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဌာန၊ အုပ်ချုပ်ရေးဌာန စတဲ့ ဌာနပေါင်းစုံက တာဝန်ရှိသူတွေပူးပေါင်းပြီး စူရတ်ဌာနီခရိုင် ကော့စမွီ နဲ့ ကန်ကျနဒီးမြို့နယ်ကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။
ဒီစီမံချက်မှာ မြို့နယ်ရုံးက မှတ်ပုံတင်ဦးစီးအရာရှိ ၂ ယောက်၊ အသိသက်သေ နဲ့ အိမ်ရှင် ၉ ယောက်၊ လက်မှတ်ကိုင်ဆောင်သူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ယောက် စုစုပေါင်း ၂၆ ယောက်သာ ဖမ်းဆီး ရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေကို ၁၉၉၁ ခုနှစ် အိမ်ထောင်စုစာရင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ အရ မဟုတ်မမှန် သက်သေအထောက်အထားနဲ့ မှတ်ပုံတင်လိမ်လည် ရယူသုံးစွဲမှု၊ ပုဒ်မ ၈၆ အရ ပြစ်မှု ကျူးလွန်ရာမှာ အားပေးကူညီမှု၊ ပုဒ်မ ၁၃၇ အရ ဌာနဆိုင်ရာ အရာရှိအား မဟုတ်မမှန် အချက်အလက်ပေးမှု၊ ပုဒ်မ ၂၆၇ အရ အစိုးရဝန်ထမ်းဖြစ်ပြီး တာဝန်ကို အလွဲသုံးစားပြုမှု ဒါမှမဟုတ် တာဝန်ဝတ္တရား ပျက်ကွက်မှု၊ ပုဒ်မ ၁၅၇ အရ အရာရှိမှ မဟုတ်မမှန် စာရွက်စာတမ်း ထောက်ခံပေးမှု၊ ပုဒ်မ ၁၆၂ စတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး ကျန်ရှိ ထွက်ပြေးလွတ်မြောက်နေသူတွေပါ ဆက်လက်စုံစမ်းဖမ်းဆီးသွားမယ်၊ ဒါ့အပြင် တရားမဝင်နည်းနဲ့ ရထားတဲ့ ဆယ်နှစ်ခံမှတ်ပုံတင်ကတ်တွေလည်း ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက် ဒွန်းဆဒ်မြို့နယ်က SET Zero စီမံချက်အပိုင်း ၁ မှာ မြို့နယ်မှတ်ပုံတင် အရာရှိ ၁ ယောက်၊ ရုံးဝန်ထမ်း ၁ ယောက်၊ အိမ်ရှင် နဲ့ အသိသက်သေ ၃ ယောက်၊ မြန်မာလုပ်သား ၁၂ ယောက် စုစုပေါင်း ၁၇ ယောက် ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။
အဆိုပါ ဆယ်နှစ်ခံကတ်မှာ သုည နဲ့ စတဲ့ ဂဏန်း ၁၃ လုံးပါ အဖြူရောင် မှတ်ပုံတင်ကတ်ဖြစ်ပြီး ဘယ်နိုင်ငံသားရဲ့ မှတ်ပုံတင်ကတ်မှမရှိတဲ့ နိုင်ငံမဲ့သူတွေ၊ အခြေမဲ့သူတွေကို သန်းခေါင်စာရင်းစိစစ်ဖို့ ထုတ်ပေးထားတာဖြစ်တယ်။ ၁၀ နှစ်တကြိမ် သက်တမ်းတိုးရပြီး ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ပညာသင်ကြားခွင့်၊ ဘဏ်စာရင်းဖွင့်ခွင့် စတဲ့အခြေခံ လူ့အခွင့်အရေး ရတဲ့အပြင် တချိန်ချိန်မှာ ထိုင်းနိုင်ငံသားဖြစ်ခွင့်ပါ လျှောက်ထားနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံခြားသားအချို့က ဝန်ထမ်းနဲ့ပွဲစားတွေကို ဘတ်သောင်းနဲ့ချီ လာဘ်ထိုးပြီး လုပ်ဆောင်တာတွေလည်း ရှိနေပါတယ်။
(သုည ၂ လုံးနဲ့စတဲ့ ပန်းရောင်အလုပ်သမားကတ်၊ ၇ ဂဏန်းနဲ့ စသော ထိုင်းမှာမွေးတဲ့ နိုင်ငံခြားကလေးတွေကိုင်တဲ့ ပန်းရောင်ကတ်) တွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
Source: The reporter / Thai Police











