
ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်မှာ ထိုင်းဘတ်ငွေ ၃ သန်းအား ထိုင်းမှ မြန်မာဘက်ခြမ်းကို တရားမဝင်သယ်ဆောင်မှုနဲ့ မြန်မာ ၃ ယောက်နဲ့ ထိုင်း ၁ ယောက် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၆ ရက်က မယ်ဟောင်ဆောင်ခရိုင် ခွန်ယုမ်းမြို့နယ် မဲ့ငေါဝ်းရွာရှိ ဟွေ့တွန့်နွန့် ယာယီနယ်စပ် စစ်ဆေးရေးဂိတ်မှာ ထိုင်းအကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ လဝက နဲ့ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖြတ်သန်းသွားလာတဲ့ယာဉ်တွေ စောင့်ကြပ်စစ်ဆေးစဉ် မီးခိုးရောင် တိုယိုတာဟိုင်းလပ်စ်ကားတစီးကိုပါ စစ်ဆေးခဲ့ပါတယ်။
ကားပေါ်မှာ ယာဉ်မောင်း စောမင်းမင်း အပါအဝင် မြန်မာ ၃ ယောက်နဲ့ နိုင်းပထဝီကျိုင်ဒီ (ထိုင်းနိုင်ငံသား) တို့ စီးနင်းလိုက်ပါလာကြတယ်။ စစ်ဆေးချက်အရ မော်တော်ကားအတွင်း အိတ်မည်းတလုံးထဲကနေ ဘတ် ၁,၀၀၀ တန် ထိုင်းငွေစက္ကူ စုစုပေါင်း ရွက်ရေ ၃,၀၀၀ (တန်ဖိုးစုစုပေါင်း ၃,၀၀၀,၀၀၀) ကို တွေ့ရှိခဲ့ပါတယ်။
စောမင်းမင်း နဲ့ နိုင်းပထဝီတို့ကတော့ အဲဒီငွေတွေဟာ မြန်မာပြည်က ခဲမဖြူတွေ သွားဝယ်ဖို့ သူတို့ ကုမ္ပဏီက ပေးလိုက်တာလို့ ပြောတယ်၊ ဒါပေမဲ့ ပမာဏများပြားတဲ့ငွေတွေ နိုင်ငံပြင်ပကို သယ်ဆောင်သွားဖို့ သက်ဆိုင်ရာ အကောက်ခွန်ဌာနရဲ့ ခွင့်ပြုချက်ထောက်ခံစာ မပြနိုင်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေက အဆိုပါငွေသားအားလုံးကို သိမ်းဆည်းလိုက်ပြီး ခွင့်ပြချက်မရဘဲ နိုင်ငံပြင်ပကို ငွေများသယ်ဆောင်ဖို့ ကြိုးပမ်းမှု၊ အကောက်ခွန်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ မယ်ဟောင်ဆောင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
Source : Maehongson News











