DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ၏ ပထမဆုံး လကမ္ဘာလေ့လာရေးခရီးစဉ် စေလွှတ်မည်
DVB
·
August 6, 2026
Photo: Khaosod 
Photo: Khaosod 
Donate to DVB

ထိုင်းနိုင်ငံမှာ ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ပါဝင်တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး လကမ္ဘာသွား အာကာသ ခရီးစဉ်တခု အခု ဩဂုတ်လအတွင်းမှာ စေလွှတ်ဖို့ရှိနေတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဩဂုတ် ၂၄ ရက်နေ့ ပစ်လွှတ်မဲ့ တရုတ်နိုင်ငံရဲ့ Chang'e 7 အာကာသခရီးစဉ် အစိတ်အပိုင်းတခုအဖြစ် ထိုင်းနိုင်ငံမှ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ သိပ္ပံဆိုင်ရာ စက်ပစ္စည်းတွေကို လကမ္ဘာသို့ စေလွှတ်ပြီး ထိုင်းနိုင်ငံရဲ့ အာကာသ စူးစမ်းလေ့လာရေးမှာ သမိုင်းဝင် ခြေလှမ်းတရပ်ကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဖန်တီးမှု ဝန်ကြီး ယော့ဆနန် ဝေါင်းဆဝပ်က ဩဂုတ် ၄ ရက်က ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး လကမ္ဘာစူးစမ်းလေ့လာရေး ခရီးစဉ်အကြာင်း သတင်းစာရှင်းလင်းပွဲမှာ ဒီအစီအစဉ်ကို ကြေညာခဲ့တာပါ။

ထိုင်းနိုင်ငံ အမျိုးသား အာကာသသုတေသန အဖွဲ့အစည်း (NARIT) မှ ထိုင်းသုတေသနပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ ထုတ်လုပ်ထားတဲ့ CE-7 MATCH သိပ္ပံဆိုင်ရာ စက်ပစ္စည်းဟာ Chang'e 7 ခရီးစဉ်မှာ ပါဝင်မဲ့ နိုင်ငံတကာ သိပ္ပံနည်းပညာ စက်ကိရိယာ ၇ ခုအနက် တခု အပါအဝင် ဖြစ်လာမယ်လို့ဆိုပါတယ်။

Chang'e 7 အာကာသယာဉ်ကို တင်ဆောင်မဲ့ Long March-5 Y14 ဒုံးပျံ ပစ်လွှတ်မှုကို တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်ရှိ ဝမ်ချန်း အာကာသယာဉ် ပစ်လွှတ်ရေးစခန်းကနေ ဩဂုတ် ၂၄ ရက်နေ့ ပြုလုပ်မှာပါ။

ဒီခရီးစဉ်ဟာ ထိုင်းနိုင်ငံထုတ် သိပ္ပံဆိုင်ရာ စက်ပစ္စည်းတခုအနေနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်မီ လကမ္ဘာစူးစမ်းလေ့လာရေး ခရီးစဉ်ကြီးမှာ ပါဝင်ခွင့်ရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီအောင်မြင်မှုဟာ သိပ္ပံဆိုင်ရာ မှတ်ကျောက်တခုထက်မကဘဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တီထွင်ဖန်တီးမှုကို အခြေခံတဲ့ စီးပွားရေးစနစ်သို့ ကူးပြောင်းရာမှာ ထိုင်းနိုင်ငံရဲ့ တိုးတက်မှုကို ပြသတဲ့ သက်သေတခုလို့  ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဆနန်က ပြောပါတယ်။

အဆိုပါခရီးစဉ်ဟာ လကမ္ဘာမျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀ အကွာ ပတ်လမ်းအတွင်း လှုပ်ရှားဆောင်ရွက်ရမှာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုကြီးမားပေမဲ့ အဆင့်မြင့် အင်ဂျင်နီယာအတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ထိုင်းနိုင်ငံရဲ့ ထက်သန်တဲ့ အာကာသစီးပွားရေးကဏ္ဍကို မြှင့်တင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးမယ်လို့ မျှော်လင့်ထားပါတယ်။

ဒီခရီးစဉ်ကနေ ရလာတဲ့ အချက်အလက်တွေဟာ ကမ္ဘာတဝန်းရှိ ဂြိုဟ်တုတွေအတွက် စောင့်ကြည့်စစ်ဆေးရေးနဲ့ သတိပေးရေးစနစ်တွေမှာ အထောက်အကူပြုနိုင်မှာ ဖြစ်သလို အာကာသအဆင့်မီ နည်းပညာတွေမှာ ကျွမ်းကျင်တဲ့ ထိုင်းအင်ဂျင်နီယာတွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ လကမ္ဘာခရီးစဉ်ရဲ့ အရေးအကြီးဆုံး ရလဒ်မှာ သိပ္ပံဆိုင်ရာ စက်ကိရိယာတခုတည်း မဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာမှုလည်း ဖြစ်ကြောင်း ယော့ဆနန် ပြောကြားခဲ့ပြီး သမိုင်းဝင်ပစ်လွှတ်မှုကို ထိုင်းတနိုင်ငံလုံးရှိ လူငယ် ၃ သန်းကျော်ထံ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကနေ ထိုင်းပြည်သူတွေ ထုတ်လုပ်တဲ့ နည်းပညာဟာ ကမ္ဘာ့အသိအမှတ်ပြုမှု ရရှိနိုင်ပြီး လကမ္ဘာအထိ ရောက်ရှိနိုင်ကြောင်း ထိုင်းကလေးငယ်တွေကို ပြသနိုင်မှာဖြစ်လို့ ပိုမိုကြီးမားတဲ့ အိပ်မက်တွေကို မက်နိုင်ပြီး အနာဂတ်မှာ ကမ္ဘာ့အဆင့်မီ သိပ္ပံပညာရှင်တွေ ဖြစ်လာနိုင်စေရန် တွန်းအားပေးနိုင်မယ်လို့ ပြောပါတယ်။

လကမ္ဘာခရီးစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို NARIT၊ ပညာရေးဝန်ကြီးဌာန၊ Thai PBS နဲ့ Thai PBS Sci & Tech တို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေအပြင် NARIT Thailand နဲ့ YouTube ရှိ OBEC Channel တို့ကနေတဆင့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဖန်တီးမှု ဝန်ကြီးဌာနက ပြည်သူတွေ၊ လူငယ်တွေနဲ့ တနိုင်ငံလုံးရှိ ကျောင်းတွေကို  ဩဂုတ် ၂၄ ရက်နေ့  Chang'e 7 ပစ်လွှတ်မှုနဲ့ CE-7 MATCH ခရီးစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုကြဖို့  ဖိတ်ခေါ်ထားပါတယ်။

Source:Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013