
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်းမှာ ဇွန်လအတွင်းက ဖမ်းဆီးခံလိုက်ရတဲ့ ခရီးသည်တင် စက်လှေက စက်လှေပိုင်ရှင်နဲ့ ကုန်သည်တွေကို စစ်အာဏာရှင်တပ်က အာရက္ခ တပ်တော် (AA) နဲ့ ဆက်စပ်တယ် စွပ်စွဲပြီး ကျောက်ဖြူမြို့နယ် တရားရုံးမှာ ဇူလိုင် လဆန်းပိုင်းက တရားစွဲဆိုလိုက်တယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကနေ ရမ်းဗြဲမြို့ကို လာတဲ့ ခရီးသည်တင်စက်လှေကို စစ်အာဏာရှင် ရေတပ်က ကျောက်ဖြူမြို့နယ် သံဇစ်မြစ်နဲ့ ရမ်းဗြဲမြို့နယ် မင်းကြောင်းချောင်းအစပ်မှာ ဇွန် ၇ ရက် က ဖမ်းဆီးခဲ့တာပါ။
စက်လှေမှာ ပါလာတဲ့ ကုန်ပစ္စည်းတွေကို အာရက္ခတပ်တော် (AA) ထောက်ပို့လုပ်မဲ့ပစ္စည်းတွေလို့ စွပ်စွဲပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ၊ တရားမဝင် ကုန်ပစ္စည်းသယ်ယူမှု ဥပဒေပုဒ်မ တွေနဲ့ စစ်အာဏာရှင်တပ်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာလို့ ကျောက်ဖြူမြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့လက မင်းကြောင်းချောင်းအစပ်မှာ ဖမ်းဆီးခံထားရတဲ့ စက်လှေက ပိုင်ရှင်နဲ့ ခရီးသည် ၁၃ ယောက်ကို စစ်တပ်က တရားလို လုပ်ပြီးတော့ တရားစွဲထားလို့ သိရတယ်။ အဓိကတော့ AA ကို ထောက်ပို့လုပ်တယ်ဆိုပြီး စွပ်စွဲပြီးတော့ မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ တရားမဝင် ကုန်စည် တင်သွင်းမှု ပုဒ်မတွေနဲ့ အမှုဖွင့် တရားစွဲထားတယ်လို့ သိရတယ်။ ဘယ်သူကို ဘယ်ပုဒ်မ ဆိုတာတော့ အတိအကျ မသိရသေးဘူး။”
ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ မင်းပြားမြို့ကနေ ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ တောင်ကုတ်မြို့နယ်တို့မှာ စားသောက်ကုန်တွေ ရောင်းချပြီး ဈေးဝယ်ပြီးအပြန်မှာ စစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းဆီး တရားစွဲရသူတွေအထဲမှာ ရမ်းဗြဲမြို့နယ်က အများဆုံးပါဝင်ပြီး ကျောက်ဖြူနဲ့ တောင်ကုတ် ဒေသခံ ကုန်သည်အချို့လည်း ပါဝင်ကြကာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၇ ယောက် ဖမ်းဆီး ခံထားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်းနဲ့ ကျောက်ဖြူကမ်းရိုးတန်းမှာ စစ်အာဏာရှင်ရေတပ်က အင်အားဖြည့်တင်းထားပြီး ဒေသခံ စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို ဖမ်းဆီး ငွေညှစ်တာ၊ တရားစွဲ ထောင်ချတာမျိုးတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေအကြား ရေကြောင်း ခရီး အသုံးပြုသွားလာဖို့ကို စိုးရိမ်းနေကြတယ်လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်အာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွာလာပြီးနောက် စစ်အာဏာရှင် ရေကြောင်းအင်အား တိုးချဲ့ကာ ကင်းလှည့်တာ၊ ပစ်ကူပေးတာတွေနဲ့ လူအင်အားဖြည့်တင်းတာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။
ရခိုင်တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်တပ်က ပြည်မက ကုန်စည်တွေကို ကုန်သွယ်မှု ပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်က ပြည်သူတွေက ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မင်းပြား၊ မြေပုံစတဲ့ မြို့နယ်က ကုန်သွယ်မှုပြုလုပ် နေကြရတာလည်း ဖြစ်ပါတယ်။










