
မြန်မာပြည်တွင်းမှာ ကြက်သွန်တပိဿာဈေး ၁၀ ဆအထိ တက်လာပြီး ကြက်သွန် လက်လီရောင်းတဲ့ဆိုင်တွေ ကြက်သွန်နီတွေ အရင်းအနှီးကြီးလာလို့ အခက်အခဲဖြစ်နေကြပါတယ်။
ရန်ကုန် ဘုရင့်နောင်ပွဲရုံတန်းက ရေတမာလမ်းပေါ်မှာ ကြက်သွန်ကားကြီးတွေ တောက်လျှောက်ဝင်နေပြီး လက်လီလက္ကားဆိုင်တွေမှာလည်း ပုံထားတဲ့ကြက်သွန်အိတ်တွေ အများပြားတွေ့ရမှာဖြစ်သလို ကြက်သွန်တွေကို လှည်းနဲ့ သယ်လာသူတွေနဲ့ စည်ကားနေပါတယ်။
လက်လီအရောင်းသမားတွေဟာ ကြက်သွန်ဈေးတွေ အရင်းကြီးလာလို့ ရွှေပေါင်ပြီး ရင်းရတဲ့အထိ အခြေအနေဖြစ်လာတယ်လို့ ထောက်ကြန့်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။
“အရင်နှစ်တွေနဲ့ စာလို့ရှိရင်တော့ ဒါအများကြီးတက်တာပေါ့။ မနှစ်ကဆိုရင် ဒီအချိန်ဆိုရင် ကြက်သွန်တပိဿာ ကျပ် ၆၀၀ တော့ရှိတယ်လေ။ ဒီဟာဆိုရင် ကြက်သွန်တ ပိဿာ ကျပ် ၆၀၀၀။ ၁၀ ဆလောက်တက်တယ်။အခြေနေကတော့မကောင်းဘူးပေါ့။ မကောင်းဘူးဆိုတာ ဝယ်ရတဲ့သူက နစ်နေတာပဲလေ။ အခုပဲ ရွှေတွေပေါင်လာတာ။ အရင်းနှီးတွေလိုက်တိုးတယ်။ တိုးလို့မနိုင်တော့ဘူး။ အရောင်းဝယ်တွေကလည်း တအားကြီးဈေးတွေမြင့်တက်တော့ ပါးတာပေါ့။ အရင်းနှီး တအားထိုးရပြီဆိုရင် မမြတ်တော့ဘူးလေ။”
ကြက်သွန်နီကိုပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ တာချီလိတ်ကတဆင့်တင်ပို့နေရာကနေ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် ပြန်ပွင့်ခဲ့လို့ ကြက်သွန်နီတွေတင်ပို့နိုင်ခဲ့ပြီး ဈေးတွေလည်း မြင့်လာ ပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကနေ ဧပြီလဆန်းမှာပေါ်လာတဲ့ နွေကြက်သွန်တွေဟာ ပေါ်ပြီး ၂ လကြာမှသာ ဈေးကောင်းရခဲ့ပြီး လက်ရှိအချိန်မှာတော့ သိုလှောင်ချိန် ၄ လကြာမြင့်လာပြီး အလေလွင့်များလာပြီဖြစ်တဲ့ ကြက်သွန်နီကို လမ်းကြောင်းကြာမြင့်ချိန် အတိကျမရှိတော့တဲ့ နယ်စပ်ကို ထုတ်ရောင်းဖို့ ကုန်သည်တွေက လက်တွန့်လာကြပြီဖြစ်ပါတယ်။
ကုန်သည်တွေအတွက် ကြက်သွန်နီဝယ်ပေးရတဲ့ ရေနံချောင်းကပွဲစားတယောက်က လတ်တလော ကြက်သွန်ဈေးအခြေအနေကို ပြောပြပါတယ်။
“တချို့ကျတော့လည်း မြဝတီသမားက နည်းနည်းနောက်ဆုတ်တယ်တဲ့။ ပြည်တွင်း လက်လီ၊ လက္ကားသမားပဲ အားပြုရမှာလို့ပြောတယ်။ နယ်လက်ကျန်က နည်းတော့နည်းသွားပြီ။ ဘုရင့်နောင်ဈေးတန်းကတော့ ဒရွတ်တိုက်တော့ သွားလိမ့်မယ်လို့ပြောနေကြတယ်။ စားသုံး သူလက်ထဲ ရောက်သွားရင်တော့ ၇၀၀၀ ဈေးတော့ဖြစ်သွားပြီ။ အိတ်စ်ပို့တ်ဆွဲတာ နည်းသွားတယ်။ ကြက်သွန်အရည်အသွေးလည်း နည်းနည်းတော့ဖျင်းသွားတော့ မလုပ်ရဲဘူးပေါ့။ ခု ၈ လပိုင်းလောက်က သိသိသာသာဈေးကတက်သွားတာလေ။ ကျနော်တို့ကတော့ ၅၀၀၀ လောက်ပဲလက်လီဈေးကွက်နဲ့ ငြိမ်လောက်မယ်မှတ်တာ၊ မငြိမ်ဘူးဗျာ။”
ဘုရင့်နောင်ပွဲရုံတန်းက ကြက်သွန်ပွဲရုံအများစုကတော့ ကြက်သွန်ဈေးကွက်အခြေအနေကို ဖြေကြားပေးဖို့ ငြင်းဆန်ကြပါတယ်။
ကြက်သွန်ဈေးနှုန်းတွေကတော့ ကြက်သွန်စိုက်ပျိုးရာဒေသနဲ့ ကြက်သွန်အရွယ်အစားအလိုက် လက္ကားဈေးအနေနဲ့ တပိဿာကို ကျပ် ၆,၀၀၀ ကနေ ၇,၄၀၀ အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။
ကြက်သွန်လက်လီဈေးကွက်မှာတော့ ကျပ် ၈,၀၀၀ အထိ ဆက်တိုက် မြင့်တက်လာနေတာဖြစ်ပါတယ်။
လတ်တလောမှာ ကြက်သွန်အထွက်နည်းလို့ ကြက်သွန်ပေါ်ပြီး ၆ လလောက်အထိ သိုလှောင်ရောင်းချလေ့ရှိတဲ့ မြန်မာ့ကြက်သွန်ပမာဏဟာ ပေါ်ပြီး ၃ လအကျော်မှာပဲ ကြက်သွန်ပြတ်သွားမဲ့ အခြေနေမှာရှိနေပြီး လက်ရှိ မိုးကြိုနှမ်းသိမ်းထားတဲ့ဒေသတွေမှာတော့ ကြက်သွန်ဈေးကောင်းမှီအောင် သီးထပ် အလျှင်အမြန်စိုက်ပျိုးကြဖို့ ပြင်ဆင်နေကြပါတယ်။
၂၀၂၃ ခုနှစ်စာရင်းဇယားအရ မြန်မာတနိုင်ငံလုံးမှာ ကြက်သွန်နီစိုက်ပျိုးမြေဧက ၁၇၀,၀၀၀ ကျော်ရှိခဲ့ပြီး အဲ့ဒီကနေ တန်ချိန် ၁၀ သိန်း ကျော်ထွက်ရှိခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ်မှာ စပါးဈေးတွေ အလွန်မင်းကျဆင်းခဲ့တာကြောင့် အညာဒေသက စပါးစိုက်ပျိုးမြေတွေမှာ ရေသွင်းပြီး ကြက်သွန်နီကိုပြောင်းလဲ စိုက်ပျိုးခဲ့ပေမဲ့ ကြက်သွန်ဈေးတွေလည်း အလွန်အမင်းကျဆင်းခဲ့တာကြောင့် အဲ့ဒီ ရှေ့နှစ် ၂၀၂၅ ခုနှစ်မှာ စိုက်ဧကတွေ ထက်ဝက်ကျော် ကျဆင်းခဲ့ရပါတယ်။
ဒါကြောင့် ၂၀၂၆ ခုနှစ်အတွက်စားသုံးမှုနဲ့ ရောင်းဝယ်မှုမှာ ကြက်သွန်နီရောင်းဝယ်နိုင်ဖို့ အရပ်ထဲကကုန်စုံဆိုင်တွေဟာ ရွှေပေါင်ပြီး ရင်းနှီးလာရတဲ့အထိ သက်ရောက်မှုတွေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။










