DVB Logo
Home
မြန်မာသတင်း
အင်္ဂပူတွင် ပျောက်ဆုံးမိန်းကလေးငယ်အား သေဆုံးလျက်တွေ့၊ သံသယရှိ လူငယ်ကို ရဲက ဖမ်းဆီး
DVB
·
April 13, 2026
သံသယဖြင့် ရဲကဖမ်းထားသည့် ကိုနေလင်းဖြိုး (Photo - ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူ)
သံသယဖြင့် ရဲကဖမ်းထားသည့် ကိုနေလင်းဖြိုး (Photo - ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူ)
Donate to DVB

‎​ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်အား သေဆုံးလျက် ပြန်လည်တွေ့ရှိပြီး သံသယရှိတဲ့ လူငယ်အမျိုးသားကို ရဲတွေက ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။ 

ဧပြီပထမအပတ်က အင်္ဂပူမြို့နယ်၊ ကွင်းကောက် မြောက်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းရွာက ဦးကျော်ကျော်လွင်ရဲ့ သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မနှင်းအိအိကျော်ဟာ နေအိမ်ကနေ ရုတ်တရက်ပျောက်ဆုံးသွားတာလို့ သိရပါတယ်။ 

မနှင်းအိအိကျော်ကို အဖြူနဲ့အပြာကွက်ကျားပါတဲ့ ရှပ်အင်္ကျီ နဲ့ လည်ပင်းကို ရစ်ပတ်လျက်သေဆုံးနေတဲ့ အနေအထားနဲ့ ရုပ်အလောင်းကို ကျွဲကျောင်းထွက်လာတဲ့ ဦးကြည်လှိုင်ဆိုသူက အင်္ဂပူမြို့နယ် ငှက်တောကြီးကုန်းကျေးရွာအနီး သိဟိုဠ်ခြံအတွင်းမှာ ဧပြီ ပထမအပတ်ထဲမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါ ရုပ်အလောင်းကို ရဲတွေနဲ့ ပူးပေါင်းအဖွဲ့တွေက သယ်ယူပြီး အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ်ဆေးရုံကို ပို့ဆောင်ကာ သာမန်သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးရာမှာ အဝတ်နဲ့လည်ပင်းကို ရစ်ပတ်သတ်ဖြတ်တာကြောင့် အသက်ရှူကြပ်သေဆုံးတာလို့ ဆေးစစ်ချက်ထွက်ခဲ့တယ်လို့ သိရပါတယ်။

အင်္ဂပူမြို့နယ်၊ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတယောက်က “ပျောက်ဆုံးနေလို့ ရှာဖွေပေမဲ့ မတွေ့ဘဲ ကျွဲကျောင်းသွားတဲ့ ဦးလေးကြီးတယောက်က တွေ့ပြီး ရဲနဲ့မိသားစုကို ဆက်သွယ်ခဲ့တာ။ ကျူးလွန်သူလို့ သံသယရှိတဲ့ ကောင်လေးကို ရဲကဖမ်းထားတယ်။ ဘယ်လိုကြောင့် သတ်ဖြတ်တဲ့အထိ ဖြစ်ရတယ်ဆိုတာတော့ မသိသေးဘူး။ ဆေးဆရာဝန်တွေက သတ်ဖြတ်ခံရတာလို့ ဆေးစစ်အဖြေပေးထားတယ်” လို့ ပြောပါတယ်။

အဆိုပါ လူသတ်မှုနဲ့ ပတ်သက်ပြီး အင်္ဂပူမြို့နယ်၊ ကွင်း​ကောက်တိုက်နယ်ရဲစခန်း ရဲတွေက လူ သတ်မှုကျူးလွန်သူဟု သံသယရှိတဲ့ အင်္ဂပူမြို့နယ်၊ မရမ်းမြောင်ကျေးရွာက အသက် ၁၉ နှစ်အရွယ် နေလင်းဖြိုးကို သူ့နေအိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့ပြီး ရဲစခန်းမှာ လက်ရှိ  ချုပ်နှောင်စစ်ဆေး နေတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013