
ဧရာဝတီတိုင်း၊ မြန်အောင်မြို့က တည်းခိုခန်းတခုမှာ သူငယ်ချင်း ၃ ယောက် အတူတူတည်းခိုနေရင်း ရုတ်တရက် တယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၃၀ ရက် မနက် ၆ နာရီခန့်က မြန်အောင်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ဇေယျသာရီလမ်းမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုခန့်ကျော်ဟာ တခြားသူငယ်ချင်း ၂ ယောက်နဲ့အတူ Garden House တည်းခိုးခန်မှာ တည်းခိုနေရင်း သေဆုံးခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တခန်းတည်း အတူတည်းခိုနေတဲ့ ၃ ယောက်ထဲက တယောက် သေဆုံးတာ။ ပြင်ပဒဏ်ရာ မတွေ့ရဘူး။ မသေဆုံးခင်အချိန်အထိ ထူးခြားတဲ့ ကျန်းမာရေးအခြေအနေမျိုး ဖြစ်ခဲ့တာ မရှိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူရဲ့ သူငယ်ချင်း ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ရုပ်အလောင်းကို မြန်အောင်မြို့၊ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ကာ အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။











