
၂၀၁၉ ခုနှစ်က မှာယူထားခဲ့တဲ့ F-16V တိုက်လေယာဉ် ၆၆ စင်းထဲက ပထမဆုံး ၂ စင်းက အောက်တိုဘာ ၂ ရက်က ထိုင်ဝမ်ကို ရောက်ရှိလာပြီဖြစ်ပြီး ဒီလေယာဉ်တွေဟာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ နေ့စဉ်နီးပါး အရေးပေါ် တုံ့ပြန် လှုပ်ရှားနေရတဲ့ ထိုင်ဝမ်လေတပ်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
တိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာ မဟာမိတ်နဲ့ လက်နက်ထောက်ပံ့သူဖြစ်တဲ့ အမေရိကန်ဆီကနေ မှာယူထားတဲ့ လက်နက်တွေ အကြိမ်ကြိမ် နှောင့်နှေး ကြန့်ကြာတာနဲ့ ပတ်သက်ပြီး တိုင်ပေက မကြာခဏ စောဒကတက် ပြောဆိုခဲ့ဖူးပါတယ်။
ဝါရှင်တန် ဟာ F-22 ဒါမှမဟုတ် F-35 လိုမျိုး သူတို့ရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေကို ထိုင်ဝမ်ကို ပေးဖို့ ဆန္ဒမရှိသေးပေမဲ့ F-16V အသစ်တွေမှာ တရုတ်လေတပ်ရဲ့ J-20 ကင်းထောက် လေယာဉ်တွေ အပါအဝင် ရန်သူ့လေယာဉ်တွေကို ပိုပြီးရင်ဆိုင်နိုင်ဖို့အတွက် အဆင့်မြင့် လေကြောင်း အီလက်ထရောနစ် ပစ္စည်းတွေ၊ လက်နက်တွေနဲ့ ရေဒါစနစ်တွေ ပါရှိပါတယ်။
ပထမဆုံး လေယာဉ် ၂ စင်း ရောက်ရှိလာတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဝါရှင်တန်မှာ တွေ့ဆုံခဲ့အပြီး တပတ်အကြာလောက်မှာ ဖြစ်ပါတယ်။
ဝါရှင်တန်ဘက်က မူဝါဒအပြောင်းအလဲ မရှိသေးဘူးလို့ ဆိုထားပေမဲ့ ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးမဲ့ ထရမ့်ပ် အစိုးရရဲ့ ကတိကဝတ်အပေါ် ထိုင်ဝမ်ဘက်မှ စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာ တောင်ကုန်း ထူထပ်တဲ့ အရှေ့ဘက် ကမ်းရိုးတန်းက တိုက်တုန်းမြို့၊ ချီဟန် လေတပ်စခန်းကို လေယာဉ်သစ်တွေ ရောက်ရှိလာတာပါ။
F-16V လေယာဉ်အသစ်တွေ ထပ်ရောက်လာဖို့ ရှိသေးတယ်လို့ ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက တိုင်ပေမြို့၊ လွှတ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
လတ်တလောမှာ ထုတ်လုပ်ရေးလိုင်းကနေ အဆင့်ဆင့် ထွက်လာနေပြီး တချို့လေယာဉ်တွေလည်း စမ်းသပ်မှုတွေကို အောင်မြင်ပြီးသွားပြီဖြစ်ကာ နောက်ဆက်တွဲ ပို့ဆောင်မဲ့ အချိန်ဇယားအတွက် အမေရိကန်ဘက်နဲ့ ဆက်လက်ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို ဆက်ထိန်းထားဖို့အတွက် ဗျူဟာမြောက် အနက်ရှိုင်းဆုံးနေရာဖြစ်တဲ့ အရှေ့ပိုင်းဒေသကို ပို့ဆောင်ရတာဖြစ်ပြီး တရုတ်ရဲ့ ထိုင်ဝမ်ကို အတင်းအကျပ် သိမ်းပိုက်လိုတဲ့ ရည်မှန်းချက်နဲ့ တရုတ်သမ္မတနိုင်ငံ (ROC) ကို ချေမှုန်းပစ်ချင်တဲ့ ကြိုးပမ်းချက်တွေက လုံးဝမပြောင်းလဲဘူးလို့လည်း ဝန်ကြီးကူးက ဆိုပါတယ်။
၂၀၂၈ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်လာဖို့ အလားအလာ နည်းပါးလာတယ်လို့ အမေရိကန်အရာရှိတွေက ယူဆကြကြောင်း အမေရိကန်ရဲ့ သဘောထားအမြင်တွေကို သိရှိနားလည်သူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ တိုင်ဝမ်မှာ လာမဲ့ သမ္မတရွေးကောက်ပွဲကို ၂၀၂၈ ခုနှစ် အစောပိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။










