
အဝေးပြေးယာဥ်လိုင်းတွေ အနေနဲ့ စက်သုံးဆီ အခက်အခဲကြောင့် သင်္ကြန်ပိတ်ရက်အတွက် ကြိုတင်လက်မှတ်ရောင်းဖို့ ချိန်ဆနေရတယ်လို့ အောင်မင်္ဂလာကားဝင်းအတွင်းရှိ ဂိတ်တချို့ဆီက သိရပါတယ်။
သင်္ကြန်ရက်ရှည်ရုံးပိတ်ရက်မှာ ခရီးသွားလာသူ များလေ့ရှိပြီး အရင်နှစ်တွေက အခုလိုရက်တွေမှာ ကြိုတင်လက်မှတ် စရောင်းပေးနေပြီဖြစ်ပေမဲ့ ဒီနှစ်မှာ လက်မှတ်ရောင်းဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ကနေ မကွေးကို ပြေးဆွဲနေတဲ့ ယာဥ်လိုင်း ဂိတ်မှူးတယောက်က “ဆီဝယ်ရ ခက်တာကတပိုင်း၊ ဆီအခြေအနေက အမြဲအပြောင်းအလဲဖြစ်နေတော့ သင်္ကြန်ပိတ်ရက်ကာလ အခြေအနေက မှန်းမရဘူး ဖြစ်နေတာ။ ဆီစျေးအပေါ်မူတည်ပြီး လက်မှတ်ရောင်းရမှာလေ” လို့ ပြောပါတယ်။
လက်ရှိမှာ အဝေးပြေးကားတွေအနေနဲ့ စက်သုံးဆီကို အကန့်အသတ်နဲ့ ဝယ်ယူရသလို ခရီးလမ်းမှာ ဆီဖြည့်ဖို့အတွက် အချိန်ပေး စောင့်ဆိုင်းရတဲ့ အခြေအနေ ကြုံနေရတယ်လို့လည်း အဝေးပြေးယာဥ်မောင်းတချို့က ဆိုပါတယ်။
အဲဒီလို စက်သုံးဆီအခက်အခဲကြောင့် လက်မှတ်ကြိုမရောင်းသေးပေမဲ့ ဂိတ်တချို့က လက်မှတ်ဝယ်မဲ့စာရင်းကို လက်ခံပေးထားတာမျိုး ရှိတယ်လို့ အဝေးပြေးကားလက်မှတ် အရောင်းကိုယ်စားလှယ်တယောက်က ပြောပါတယ်။
“လက်မှတ်ခ အပြောင်းအလဲရှိနိုင်လို့ စာရင်းကြိုပေးထားလို့ရတဲ့ ဂိတ်တွေတော့ ရှိတယ်။ အခုက အရဲစွန့်ပြီး စျေးမဖြတ်ကြသေးဘူး။”
လက်ရှိမှာ စက်သုံးဆီကို တရက်တကြိမ်ပဲ ဝယ်ယူဖို့နဲ့ ကားတွေကို စုံ/မ စနစ်နဲ့ မောင်းဖို့ သတ်မှတ်ထားတာကြောင့် အိမ်စီးကားတွေအနေနဲ့ ခရီးဝေးသွားဖို့ အခက်တွေ့လာပြီး အဝေးပြေးကားကို ပိုအားပြုလာကြတယ်လို့ ယာဥ်လိုင်းတွေဆီက သိရပါတယ်။
အခုလို စက်သုံးဆီအခက်အခဲ ဖြစ်နေသလို ကုန်စျေးနှုန်းကြီးမြင့်ပြီး နယ်မြေ မတည်ငြိမ်မှုတွေကြောင့် သင်္ကြန်ပိတ်ရက်မှာ ခရီးသွားလာသူလည်း အရင်ကထက် လျော့နည်းနိုင်တယ်လို့ ယာဥ်လိုင်းပိုင်ရှင်တချို့က ခန့်မှန်းထားပါတယ်။











