DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်ခါရာပါဝင်သည့် “Proof of life” လှုပ်ရှားမှုနှင့် တော်လှန်သင်္ကြန်ပွဲ ဗန်ကူးဗားတွင် ပြုလုပ် (ဓာတ်ပုံ) 
ပီတာအောင်
·
May 18, 2026
သရုပ်ဆောင်ခါရာပါဝင်သည့် “Proof of life” လှုပ်ရှားမှုနှင့် တော်လှန်သင်္ကြန်ပွဲ ဗန်ကူးဗားတွင် ပြုလုပ် (ဓာတ်ပုံ) 
1 / 14
Photo: Peter Aung-DVB
Donate to DVB

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့တောင်းဆို ဆန္ဒပြတဲ့  “Proof of life” ကမ်ပိန်းနဲ့အတူ မြန်မာရိုးရာ နှစ်သစ်ကူး တော်လှန်သင်္ကြန်ပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗား၊ ဆာရေးမြို့မှာ ဒေသအချိန် မေလ ၁၇ ရက်ညနေပိုင်းက ကျင်းပပါတယ်။

ဒီလှုပ်ရှားမှုမှာ အမေရိကန်ကနေ လာရောက်တဲ့ သရုပ်ဆောင် မင်းသားခါရာ၊  ကနေဒါမှာထိုင်တဲ့ အလှမယ် ဟန်လေးအပါအဝင် တိုင်းရင်းသားပြည်သူတွေ၊ တော်လှန်ရေးမိသားစုတွေ၊ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ကျောင်းသားကျောင်းသူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့  တောင်းဆိုခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်ကျဆုံးပြီး နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် အခက်အခဲပေါင်းစုံကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေ ဆက်လက်ပြီး အားတင်း ကြိုးပမ်းသွားကြဖို့ တော်လှန် အနုပညာရှင်တွေက တိုက်တွန်းပြောပါတယ်။ 

သရုပ်ဆောင်ခါရာက “ကျနော်တို့ မြန်မာပြည်သူပြည်သားတွေအားလုံး တခါမှမရဘူးတဲ့ရလဒ်ကိုရဖို့ အတွက် တခါမှ မပေးဆပ်ဖူးတဲ့ ပေးဆပ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ကျနော်တို့ဆက်ပြီးသွားမှရမယ်။ အဲတော့ ကျနော်ကတော့ ဆက်ပြီးတော့ သွားမှာပဲ၊ အားလုံး ကျနော်နဲ့အတူတူ ကျနော်တို့လိုချင်တဲ့လှပတဲ့ အနာဂတ်ကို အတူတည်ဆောက်ကြဖို့ ကျနော် ထပ်ပြီးတော့ ဖိတ်ခေါ်ချင်ပါတယ်။ ထပ်ပြီးတော့ တိုက်တွန်းချင်ပါတယ်”လို့ ပြောပါတယ်။

သရုပ်ဆောင် ခါရာမှာ ကနေဒါနိုင်ငံ တိုရွန်တို၊ လန်ဒန်၊ ဗန်ကူးဗား စတဲ့မြို့တွေကို လှည့်လည်ပြီး တော်လှန်ပြည်သူတွေနဲ့ တွေ့ဆုံနေတာဖြစ်ပြီး  ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့တောင်းဆိုတဲ့  “Proof of life” ကမ်ပိန်းကိုပါ တပါတည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

ကနေဒါရောက်  အလှမယ်ဟန်လေးက “ကိုခါရာက တော်လှန်ရေးရေးအနုပညာရှင်အနေနဲ့ လာရောက်တဲ့အတွက်ကြောင့် ဟန်လေးက ဒီပွဲမှာပါဝင်ပြီး ကူညီအားဖြည့်ပေးတာ ဖြစ်ပါတယ်။ အခုကသင်္ကြန်ဆိုတော့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ တော်လှန်ရေး ညီအစ်ကိုမောင်နှမတွေ စုလုပ်ကြတဲ့ပွဲဖြစ်လို့ ဟန်လေးက ပါဝင်ကူညီဖြစ်တာဖြစ်ပါတယ်။ တော်လှန်အနုပညာရှင်တွေအနေနဲ့ တက်တက်ကြွကြွနဲ့ အခုအချိန်အထိ တရက်မှမနားပဲနဲ့ ကြိုးစားလုပ်ဆောင်နေကြတဲ့အပေါ်မှာ ပြည်သူတွေအားတင်းထားကြပါ ဟန်လေးတို့ တတ်နိုင်သမျှ  ပြည်ပက တတ်နိုင်တဲ့ဘက်ကနေပြီး အနုပညာခွန်အားတွေနဲ့ ဖြစ်ဖြစ် Motivation နဲ့ပဲဖြစ်ဖြစ် ဆက်လက်ကြိုးစားနေပါတယ်။ အများကြီးလည်း အနုပညာမောင်နှမတွေကို ချစ်ပေး အားပေးပြီးတော့ တော်လှန်ရေးအရှိန်အဟုန်ပြည့်အောင်သွေးမလျော့ပဲ အားတင်းထားကြပါ လို့ပြောချင်ပါတယ် ” လို့ပြောပါတယ်။ 

ဒီလှုပ်ရှားမှုမှာ သရုပ်ဆောင်ခါရာနဲ့ ပရိတ်သတ်တွေ အမေးအဖြေ၊ ဈေးရောင်းပွဲ၊ စတုဒီသာကျွေးတာ၊ ပန်းချီလေလံတင်ရောင်းချပွဲ၊ သင်္ကြန်အကတွေ၊ တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပြီး ဒီပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို မြန်မာပြည်တွင်း လိုအပ်တဲ့နေရာတွေမှာ ပေးပို့ လှူဒါန်းသွားမယ်လို့လည်း ပွဲစီစဉ်သူတွေထံက သိရပါတယ်။

ကနေဒါရောက်မြန်မာတဦးဖြစ်တဲ့ မကြယ်စင်က “ဒီနေ့သင်္ကြန်ပွဲလေးမှာ ပါဝင်ခွင့်ရဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ပြည်ပကနေ မြန်မာပြည်တွင်းမှာ ဒုက္ခရောက်နေတဲ့ မိဘပြည်သူတွေအတွက် ကူညီထောက်ပံ့ဖြစ်တယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်။ အားလုံး အားတင်းထားကြပါလို့ ပြောချင်ပါတယ်။ ကိုခါရာကိုလည်း တကယ်အရမ်းကျေးဇူးတင်တယ် ပေါ့နော်။ သူက  အများကြီး မြန်မာနိုင်ငံအတွက် တထောင့်တနေရာကနေ တတ်နိုင်တာကို ပံ့ပိုးပေးနေတဲ့အတွက်  ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ကင်မ်အဲရစ် ဦးဆောင်ပြုလုပ်နေတဲ့ ဒီလှုပ်ရှားမှုကို မြန်မာပြည်တွင်း တော်လှန်ရေး နယ်မြေတွေမှာရော ကနေဒါ၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားတဲ့ ပြည်သူတွေကပါ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ အဆက်မပြတ်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013