
သင်္ကြန်ကာလ မဏ္ဍပ်မှာ လမ်းရှင်းပေးရင်း အရက်သေစာသောက်စား ကခုန်တာကြောင့် ဖမ်းဆီးခံ ရတဲ့ ရဲမှူး မျိုးမြင့်ဝင်းကို ဧပြီ ၁၈ ရက်မှာ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရဲစည်းကမ်းထိန်းသိမ်ရေးဥပဒေပုဒ်မ ၆၀ (၆) အရ ရဲမှူး မျိုးမြင့်ဝင်းကို အရေးယူခဲ့ပေမဲ့ တာဝန်ထမ်းဆောင်ချိန်မှာ ဆဲဆိုရမ်းကားခြင်းမရှိတာကြောင့် နောက်နောင် မပြုလုပ်ဖို့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ပုဒ်မ ၆၀ အပိုဒ်ခွဲ ၆ မှာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားတာ၊ ဆဲဆိုတာ၊ ရန်ဖြစ်တာကို ဖော်ပြထားတယ်။ သူက လုံခြုံရေးယူရင်း ကနေတာဆိုတော့ ရဲမှူးတယောက်အနေနဲ့တော့ မသင့်တော်ဘူးပေါ့။ ဒါပေမဲ့ အရှေ့မှာလုပ်ခဲ့တဲ့ လုပ်ငန်းတွေကို ပြန်စဥ်စားတွက်ချက်ပြီး ဝန်ခံကတိနဲ့ ပြန်လွတ်ပေးလိုက်တာ။”
ဒုရဲမှူး မျိုးမြင့်ဝင်း ဖမ်းဆီးခံရပြီးနောက် ရဲအသိုက်အဝန်းကပါ ပြည်ထဲရေးဝန်ကြီး နဲ့ ရဲချုပ်ဆီ အသနားစာတင်ခဲ့ပြီး တောင်းပန်ခဲ့တာကြောင့် ပြန်လွှတ်ပေးခဲ့တာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒုရဲမှူး မျိုးမြင့်ဝင်းဟာ ခရိုင်လုံခြုံရေးရဲတပ်ရင်းမှာ လက်ရှိ ပြန်လည်တာဝန်ထမ်းဆောင်နေပြီလို့ ရဲအသိုက်အဝန်းဆီက သိရပါတယ်။
ဧပြီ ၁၄ ရက်က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် သင်္ကြန်လုလင်မဏ္ဍပ်မှာ အရက်သေစာသောက်စားပြီး လမ်းရှင်းပေးရင်း ကခုန်ခဲ့တဲ့ ရဲမှူးမျိုးမြင့်ဝင်းကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ကောင်စီတပ်က ဧပြီ ၁၅ ရက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဧပြီ ၁၆ ရက်ကလည်း မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် သင်္ကြန်မဏ္ဍပ်မှာ မူးယစ်ရမ်းကားပြီး ရေကစားသူတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၁၉ ယောက်ကို စစ်ကောင်စီလက်အောက်ခံရဲတွေက ဖမ်းဆီးပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဆေးနေတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။










