DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်၊ လူထုကျပ်တည်းမှု ပိုဆိုး
ဝေဝေ
·
April 24, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာပြည်တွင်းမှာ အခြေခံကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေခဲ့ရာကနေ အခု သင်္ကြန်ကာလအပြီးမှာတော့ အခြေခံစားသောက်ကုန်ဈေးနှုန်း ၂၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့တာကြောင့် ပြည်သူတွေရဲ့ ကျပ်တည်းမှုတွေကလည်း ပိုဆိုးလာနေပါတယ်။

အာဏာသိမ်းထားတဲ့ကာလတွေအတွင်း အခြေခံကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေခဲ့ရာမှာ အခု ၂၀၂၆ ခုနှစ် မတ်လနဲ့ ဧပြီလအစ သင်္ကြန်ကာလမတိုင်ခင် ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် သင်္ကြန်ကာလအပြီး ကုန်ဈေးနှုန်းတွေဟာ ၂၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ တချို့ အခြေခံစားသောက်ကုန်တွေဆို ထက်ဝက်ကျော်ထိ ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

သင်္ကြန်မတိုင်မီကာလနဲ့ သင်္ကြန်အပြီး ဧပြီလလယ် ဈေးနှုန်းတွေအရ အခြေခံစားသောက်ကုန်ဈေးတွေ ဖြစ်တဲ့ ပေါ်ဆန်း (ဆန်အချော) ၂၄ ပြည်ပါ တအိတ်က ၁၅၅,၀၀၀ ကျပ်ကနေ ၂၁၀,၀၀၀ ကျပ်အထိ တက်လာခဲ့ပါတယ်။

ကြားပျံ အချောက ၁၄၀,၀၀၀ ကျပ်ကနေ ၁၈၀,၀၀၀ ကျပ်ထိ ဖြစ်လာကာ ငစိန် ဆန်ကြမ်း တအိတ်က ၆၀,၀၀၀ ကျပ်ကနေ ၈၀,၀၀၀ ကျပ်အထိ ဈေးတွေ မြင့်တက်လာတာပါ။

ပဲဆီက ၂၀,၀၀၀ ကျပ်ကနေ ၂၂,၀၀၀ ကျပ်၊ စားအုန်းဆီက ဈေးကွက်ထဲမှာ ၁၀,၀၀၀ ကျပ်ကနေ ၁၈၀,၀၀၀ ကျပ်အထိ ဖြစ်နေပါတယ်။

ဟင်းစားတွေထဲ ကြက်သား (တပိဿာ) ၁၅,၀၀၀ ကနေ  ၂၅,၀၀၀၊ ဝက်သား (တပိဿာ) ၂၅,၀၀၀ ကျနေ  ၃၅,၀၀၀၊ ငါးကြင်းကြီး တပိဿာကို ၁၂,၀၀၀ နဲ့ ၁၅,၀၀၀ ကြားရှိရာ အခု ၂၀,၀၀၀ ကနေ ၂၅,၀၀၀ ကြားထိ ဈေးတက်လာခဲ့ပါတယ်။

ကြက်သွန်ဖြူ (တပိဿာ) ဈေး အရင်က ၁၀,၀၀၀ ကနေ  ၂၅,၀၀၀ အထိ တက်လာပြီး ကြက်သွန်နီက ၁၅,၀၀၀ ကနေ ၂၅,၀၀၀ ထိ ထက်ဝက်နီးပါး ဈေးတွေ တက်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်မတယောက်က “ဈေးသွားမယ်ဆို ပိုက်ဆံ လက်ထဲ ၅,၀၀၀၊ ၁၀,၀၀၀၊ ၂၀,၀၀၀ နဲ့ သွားလို့ ဈေးတွေကို မေးပြီးတော့ ချိန်ပြီးတော့ ဝယ်ရတာ။ ရမ်းဝယ်လို့လည်း မရဘူး။ သခွားသီးတလုံးကို ၁,၅၀၀ တဲ့။ ဒါ ဘယ်လိုစားကြတော့မလဲ၊ ကြက်ခြေထောက်တောင်မှ တဆယ်သားကို ၂,၀၀၀။ အဲဒီ တဆယ်သားဆို ကြက်ခြေထောက်က လေးငါးသောင်း ရဖို့အတွက် ရှာရတာ ဖတ်ဖတ်မောလို့။ တရက်တည်းနဲ့ လေးငါးသောင်း မရဘူး။ ဒါပေမဲ့ ခဏလေးအတွင်းမှာ ဈေးဝယ်လိုက်ရင် လေးငါးသောင်းက ကုန်တာ။ အဲဒီ လေးငါးသောင်းက ဘယ်နှရက်စာရလဲ။ တော်တော်ကြီးကို ကျပ်တည်းပါတယ်။ စားဝတ်နေရေးက၊ တနေ့မှ ပိုက်ဆံလေး ၁၀,၀၀၀၊ ၁၂,၀၀၀ ရတယ်၊ နေ့စားလုပ်တာ။ ဘယ်လိုသွားစားမလဲ မိသားစု သုံးလေးယောက်။ တော်တော် ကျပ်တည်းနေတာပေါ့နော်။ ဝင်ငွေက ပုံမှန် ဒီ ၁၀,၀၀၀ ဝင်တဲ့သူက ၁၀,၀၀၀ ပဲ ဝင်နေတာ။ ဒီ့ထက် ပိုပြီး ဝင်မလာဘူး။ ကုန်ဈေးနှုန်းက တက်သွားကျတော့ ဝင်ငွေနဲ့ ထွက်ငွေနဲ့ မမျှဘူး။ မမျှတဲ့အခါကျတော့ နေထိုင်မှု စားသောက်မှုတွေက အများကြီး ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။

အခု ဧပြီလလယ် ဈေးနှုန်းတွေမှာတော့ ကြက်ဥတလုံး  ၆၅၀ ကျပ်၊ ကကတစ်ငါး တပိဿာ ၄၀,၀၀၀ ကျပ်နဲ့ ငါးပုတ်သင်ငါးဈေးက ၂၀,၀၀၀ ကျပ် ရှိပါတယ်။ ပုဇွန်ထုပ်ဈေးကလည်း ၅၀,၀၀၀ ကျပ်နဲ့ ၆၀,၀၀၀ ကြားရှိပြီး ကန်စွန်းရွက်ကြီးတစည်းကို ၁,၂၀၀ ကနေ ၁,၅၀၀ ထိ၊ ကန်စွန်းအသေး တစီးကိုတော့ ၅၀၀ နဲ့ ၆၀၀ ကြားနဲ့ ပဲနီလေး တဆယ်သား  ၁,၄၀၀ ကျပ်ထိ ပေးဝယ်ကာ စားသောက်နေကြရတာပါ။

အခြေခံကုန်ဈေးနှုန်းတွေ အားလုံးက သင်္ကြန်မတိုင်ခင်ကထက် ၂၀ ကနေ ၃၅ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး တချို့အခြေခံစားကုန်ပစ္စည်းတွေဆို ထက်ဝက်ကျော်ထိ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။

သိသာထင်ရှားဆုံး ဈေးနှုန်းမြင့်တက်မှုကတော့ စားအုန်းဆီဈေးနှုန်း ဖြစ်ပြီး ၈၀ ရာခိုင်နှုန်းထိ အမြင့်ဆုံး မြင့်တက်လာပါတယ်။

အိမ်ရှင်မတယောက်က “ဈေးကတော့ အကုန်လုံး တက်တာပါပဲ။ မတက်တာ ဘာမှမရှိဘူး။ ကန်စွန်းရွက်တောင် တစီး ၁,၀၀၀၊ ၁,၂၀၀ တွေ ဖြစ်နေတယ်။ ခရမ်းသီးဆိုလည်း တလုံးကို ၁,၀၀၀၊ ၈၀၀ အဲလိုတွေ ဝယ်စားနေရတယ် အခု။  ချွေချွေတာတာနဲ့တော့ လုပ်နေရတာပေါ့။ ဈေးနှုန်းတက်တော့လည်း တက်သလိုပေါ့။ မစားလို့က မရတော့။ ကြက်ဥတောင်မှ ၆၅၀ တွေ ၆၀၀ တွေ ဖြစ်ကုန်ပြီ ကြက်ဥတွေက။ ပိုက်ဆံ တသိန်းလောက်က ဘာမှမရဘူး။ ဈေးဝယ်လိုက်လို့ရှိရင် တပတ်စာနဲ့ အကုန်ပျောက်သွားတာ အကုန်လုံး။ ဆေးခန်းတခါသွားရင် အရင်တုန်းက ၈,၀၀၀ လောက်ပဲ ယူတယ် ဆေးခန်းက။ အခု တသောင်းခွဲ ယူတယ်၊ ကယ်ရီက အရင်တုန်းက ၁,၀၀၀၊ ၁,၅၀၀၊ အခု ၃,၀၀၀။ ဆေးခန်းသွားရင် အနည်းဆုံး သုံးသောင်းခွဲလောက်မှ မရှိရင် ဆေးခန်း သွားပြလို့ မရဘူး။ အဓိကကျတဲ့ ဆေးတွေမှန်သမျှက ဈေးတွေက ပြောရရင် အရိုးဆေးတွေ ဘာတွေဆို တအားတက်တာ။ တချို့ဆေးဆို ဝယ်လို့တောင် မရဘူး။ သုံးစွဲရတာ ပိုက်ဆံက တန်ဖိုးမရှိတော့ဘူး။ စားတာလည်း မသေရုံတမည်ပဲ စားနေရတဲ့ ပုံစံ” လို့ ပြောပါတယ်။

နိုင်ငံခြားဆေးတွေက ရှားပါးပြတ်လပ်တာအပြင် ၂၀ ရာခိုင်နှုန်းကျော် တက်လာကာ ပြည်တွင်း တိုင်းရင်းဆေးတွေက ထက်ဝက်ကျော်ထိ ဈေးတွေမြင့်တက်တယ်လို့ ပုံမှန်ဆေးဝါးဝယ်ယူနေရသူတွေ ပြောပြချက်အရ သိရပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လောင်စာဆီ စျေးနှုန်းတွေနဲ့အတူ စားသောက်ကုန်စျေးနှုန်းတွေက ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပျမ်းမျှ ၁၉ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ဆန်၊ စားအုန်းဆီနဲ့ ဆားတို့ရဲ့ စျေးနှုန်းတွေဖြစ်တယ်လို့ WFP ကလည်း ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013