
အမေရိကန်စစ်တပ်က အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသမှာ ဒရုန်း တန်ပြန်ရေး နည်းပညာကို စမ်းသပ်နေပါတယ်။
မူးယစ်ဆေး မှောင်ခိုကုန်ကူးဂိုဏ်းတွေရဲ့ ဒရုန်းသုံးပြီး ခြိမ်းခြောက်မှု မြင့်တက်လာတာကို တန်ပြန် ကာကွယ်နိုင်ဖို့ စွမ်းရည်မြှင့်တင်ချင်တာနဲ့ ယူကရိန်း-ရုရှား စစ်ပွဲအတွင်း စစ်မြေပြင်နည်းပညာတွေ အမြန်ဆန်းသစ် တီထွင်နေတာတွေကို အတုယူချင်တာတွေကြောင့် ခုလို စမ်းသပ်လေ့ကျင့်နေတာပါ။
အရီဇိုးနားပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ အမေရိကန်စစ်တပ် မြောက်ပိုင်းစစ်တိုင်းရဲ့ သိမ်းငှက်နှုတ်သီး စစ်ရေးလေ့ကျင့်မှုအတွင်း မောင်းသူမဲ့လေယာဉ် အသေးစားတွေကို ထောက်လှမ်းခြင်း၊ ခြေရာခံခြင်းနဲ့ ဖျက်ဆီးခြင်းတို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ရေဒါတွေ၊ ကြားဖြတ်တိုက်ခိုက်တဲ့ ဒရုန်းတွေ၊ အလိုအလျောက် သေနတ်စနစ်တွေနဲ့ တခြားနည်းပညာတွေကို ကာကွယ်ရေးကုမ္ပဏီတွေက သရုပ်ပြတာကို စစ်သည်တွေက ကြည့်ရှု လေ့လာခဲ့ကြပါတယ်။
တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒရုန်းတွေဟာ များသောအားဖြင့် စီးပွားဖြစ် ရောင်းချနေတဲ့ စနစ်တွေပါ။
သူတို့ကို ရာဇဝတ်သားတွေက မှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှုလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ စောင့်ကြည့် ထောက်လှမ်းမှုတွေအတွက် သုံးလေ့ရှိတယ်လို့ စစ်တပ်အရာရှိတွေက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းတွေ ၃၇၈ ကြိမ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာကို စစ်တပ်က တွေ့ခဲ့ပြီး ဒရုန်းဝင်တဲ့အကြိမ်ရေ မြင့်တက်နေတယ်လို့ တောင်ပိုင်းနယ်စပ် ပူးတွဲလုပ်ငန်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဆိုင်ရာ ဒုတိယတပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ် ဘရိုင်ယန် ဖီလာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဩဂုတ်လမှာ တောင်ပိုင်းနယ်စပ်တလျှောက် လေဆာနည်းပညာကို စသုံးချိန်ကစပြီး မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ ဒရုန်း ၁၁ စင်းကို လေဆာနဲ့ ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဒီလအစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒရုန်းတွေကြောင့် စစ်မြေပြင်ပုံစံ ပြောင်းလဲသွားခဲ့ပြီး တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးစနစ် နှစ်ရပ်စလုံးမှာ နည်းပညာ ဆန်းသစ်တီထွင်မှုတွေ မြန်မြန်ပေါ်ပေါက်ခဲ့လို့ ယူကရိန်းစစ်ပွဲက သင်ခန်းစာတွေနဲ့အညီ လိုက်ပါဆောင်ရွက်နိုင်ဖို့ စစ်ဘက်ဆိုင်ရာ စီမံကိန်းရေးဆွဲသူတွေက အရှိန်အဟုန်နဲ့ ကြိုးပမ်းနေပါတယ်။
မူးယစ်ဆေးဝါးဂိုဏ်းတွေသုံးတဲ့ ဒရုန်းတွေဟာ ယူကရိန်း ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသတွေမှာ တွေ့ရတဲ့ ခေတ်မီဆန်းပြားတဲ့ စစ်မြေပြင်သုံး ဒရုန်းတွေနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ စစ်ဘက်ဆိုင်ရာ အရာရှိတွေက သတိပေး ပြောထားပါတယ်။
ဒီသရုပ်ပြပွဲတွေမှာ ဝင်ပြသခဲ့တဲ့ Powerus ကုမ္ပဏီဟာ ကြာသပတေးနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သားတွေက ထောက်ခံအားပေးထားတဲ့ ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး စတော့ဈေးကွက်ဆီ ဝင်ရောက်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမှာ တွေ့ရတဲ့ နည်းပညာနဲ့ စနစ်တွေကို အမြန် ပြုပြင်မွမ်းမံ တိုးတက်စေတဲ့ လုပ်ငန်းစဉ်ပုံစံမျိုးကို အတုယူ ကျင့်သုံးဖို့က ရည်မှန်းချက် တစိတ်တပိုင်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
“ကျနော်တို့က ယူကရိန်းကို ကြည့်ပြီး နေ့စဉ်၊ အပတ်စဉ်အလိုက် သူတို့ ဘယ်လောက် မြန်မြန်ဆန်ဆန် လိုက်လျောညီထွေ ပြောင်းလဲလုပ်ဆောင်နိုင်လဲ ဆိုတာကို အရမ်းသဘောကျမိတယ်လို့ ပြောလေ့ရှိပါတယ်” လို့ အမေရိကန် ဗိုလ်မှူးချုပ် မတ်ထ် ရော့စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Source: Reuters











