DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မြန်မာ့ ငွေလိမ်ကျားဖြန့်စခန်းများ ဟန်ပြနှိမ်နင်းပြီး ဆက်လက်လည်ပတ်နေ
DVB
·
June 2, 2026
မြန်မာ့ ငွေလိမ်ကျားဖြန့်စခန်းများ ဟန်ပြနှိမ်နင်းပြီး ဆက်လက်လည်ပတ်နေ
1 / 2
Photo: Myanmar Witness 
Donate to DVB

မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ် ကျားဖြန့်စခန်းတွေကို စစ်အာဏာရှင်က နှိမ်နင်းတယ်ဆိုတာဟာ နိုင်ငံတကာနဲ့ တရုတ်အစိုးရအကြိုက် ဟန်ပြသက်သက် လုပ်ဆောင်ပြတာသာ ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို မီဒီယာလေ့လာစောင့်ကြည့်ရေးအဖွဲ့  Myanmar Witness က မေ ၂၉ ရက်က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

ကျားဖြန့်စခန်းခေါင်းဆောင်တွေဟာ ရှင်းလင်းရေးမလုပ်ခင်ကတည်းက ကြိုတင်သတိပေးချက်တွေ ရရှိထားတာဖြစ်ပြီး ဒါက ငွေလိမ်စခန်းတွေ ရေရှည်ရှင်သန်စေတဲ့ အဓိကလျှို့ဝှက်ချက်ဖြစ်တယ်လို့ စုံစမ်းဖော်ထုတ်မှုမှာ အလေးပေးဖော်ပြထားပါတယ်။

Myanmar Witness ရဲ့ ဂြိုဟ်တုမြေပုံတည်နေရာ အထောက်အထားတွေအရ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ကရင်ပြည်နယ်ရှိ အကြီးဆုံး KK Park စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်းမယ်လို့ ကြေညာတဲ့နေ့မှာပဲ၊ စခန်းထဲက လူရာပေါင်းများစွာဟာ ထိတ်လန့် တကြား ထွက်ပြေးရတာမျိုး လုံးဝမရှိဘဲ ခရီးဆောင်အိတ်ကိုယ်စီနဲ့ ၃ ကီလိုမီတာခန့်အကွာက Huanya Park စခန်းဆီကို အေးအေးလူလူ အစီအစဉ်တကျ ပြောင်းရွှေ့သွားခဲ့ကြတာကို ရုပ်သံမှတ်တမ်းတွေအရ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါဟာ နေရာတခုကို ဖိအားပေးနှိမ်နင်းရင် ခဏတာလူစုခွဲပြီး နောက်တနေရာမှာ လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်တဲ့ အာဏာပိုင်တွေနဲ့ ငွေလိမ်စခန်းခေါင်းဆောင်တွေအကြားက လျှို့ဝှက်ပတ်လမ်းကိုထင်ဟပ်နေတာလို့  Myanmar Witness ရဲ့တွေ့ရှိချက်ဖြစ်ပါတယ်။

ဒီငွေလိမ်စခန်းတွေရဲ့ နောက်ထပ်လျှို့ဝှက်ချက်တခုကတော့ အပြင်ပန်းကြည့်ရင် ခိုင်ခံ့တဲ့ စက်မှုဇုန် ပန်းခြံကြီးတွေ ဒါမှမဟုတ် လျှို့ဝှက်ကျေးလက်ဒေသတွေလို တည်ဆောက်ထားပြီး၊ အတွင်းပိုင်းမှာတော့ အုတ်တံတိုင်းမြင့်တွေ၊ သံဆူးကြိုးတွေ၊ CCTV တွေနဲ့ လက်နက်ကိုင်အစောင့်တွေ ချထားတဲ့ “အကျဉ်းထောင်”ကဲ့သို့ လူသားထိန်းချုပ်ရေးစနစ်နဲ့ လည်ပတ်နေတယ်ဆိုတာကိုလည်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

ငွေလိမ်စခန်းကို ရောက်လာသူတွေဟာ နိုင်ငံကူးလက်မှတ်တွေ ချက်ချင်းသိမ်းဆည်းခံရပြီး အပြင်ထွက်ခွင့် ပိတ်ပင်ခံရတဲ့အပြင်၊ လစဉ် ငွေလိမ်ရမည့် စံချိန်မပြည့်ရင် ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခံရလေ့ ရှိပါတယ်။

သူတို့တွေဟာ တကမ္ဘာလုံးက သားကောင်တွေကို ပစ်မှတ်ထားပြီး “Pig butchering” (ဝက်သတ်ခြင်း) စနစ်သုံး ရင်းနှီးမြှုပ်နှံမှုအတုလုပ်ငန်းတွေ၊ အချစ်ရေးအသုံးချလိမ်လည်မှုတွေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးစနစ်လိမ်လည်မှုတွေကို ဇာတ်ညွှန်းအတိုင်း အဓမ္မ လိမ်လည်ခိုင်းနေကြတာ ဖြစ်ပါတယ်။

ဒီငွေလိမ်စခန်းစီးပွားရေးဟာ အလိုအလျောက် ပေါ်ပေါက်လာတာမဟုတ်ဘဲ ၂၀၁၇ ခုနှစ်ကတည်းက ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် စောချစ်သူနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအကြား ရွှေကုက္ကိုမှာ စတင်အခြေတည်ခဲ့တဲ့ လျှို့ဝှက်ရင်းနှီးမြှုပ်နှံမှုတွေလို့ Myanmar Witness ရဲ့ စုံစမ်းဖော်ထုတ်မှုမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ဥပဒေစိုးမိုးမှုနဲ့ အုပ်ချုပ်ရေးယန္တရား ပြိုလဲသွားခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေစိုးမိုးမှုအသစ်တွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ဒီလုပ်ငန်းတွေဟာ နယ်စပ်မြို့တွေမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ အကာအကွယ်နဲ့ အရှိန်အဟုန်ပြင်းပြင်း ပွားများလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ငွေလိမ်စခန်းအဖြစ် သံသယရှိရတဲ့ နေရာပေါင်း ၁၃၇ ခုထက်မနည်း ရှိလာတာကြောင့် အရှေ့တောင်အာရှရဲ့ အဆိုးရွားဆုံး လူ့အခွင့်အရေးကပ်ဘေးတစ်ခု ဖြစ်နေတယ်လို့ Myanmar Witness က ထုတ်ပြန်ပြီး စုံစမ်းဖော်ထုတ် ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013