
ပြီးခဲ့တဲ့ ၃ လပတ်အတွင်း စစ်အာဏာရှင်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ ပိုများလာခဲ့ပြီး ဆက်သွယ်ရေး ပြတ်တောက်တဲ့ ဒေသတွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးတာလည်း ပိုများတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ထုတ်ပြန်ပါတယ်။
လေ့လာစောင့်ကြည့်မှုတွေအရ ဇူလိုင်ကနေ စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းကလွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ၁၃ ခုက မြို့နယ်ပေါင်း ၉၉ မြို့နယ်ကို စစ်တပ်က ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းက ၂၃ မြို့နယ်ကို ဗုံးကြဲခံရလို့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၁၅ မြို့နယ်၊ မကွေးတိုင်းက ၁၂ မြို့နယ်နဲ့ အများဆုံး ဗုံးကြဲခံရပါတယ်။
ဒီကာလအတွင်း စစ်တပ်က ၅၈၁ ကြိမ်ဗုံးကြဲပြီး ၅၆၂ ကြိမ်က ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ နေရာတွေဖြစ်လို့ ရာနှုန်းပြည့်နီးပါးဖြစ်သလို စုစုပေါင်း အရပ်သား ၃၅၃ ယောက်သေဆုံးတဲ့အထဲက ၉၇ ရာခိုင်နှုန်းလောက်ဟာလည်း ဆက်သွယ်ရေး ပြတ်တောက်တဲ့ နေရာတွေက ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ အနည်းဆုံး အမျိုးသမီး အယောက် ၉၀၊ ကလေး ၃၄ ယောက်၊ သက်ကြီးရွယ်အို ၄၃ ယောက် ပါဝင်ပြီး ဆက်သွယ်ရေးခက်ခဲတာကြောင့် တကယ်တမ်းမှာ ဒါထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၃ လပတ်နဲ့ ယှဉ်မယ်ဆိုရင် စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ ၁၁ ရာခိုင်နှုန်းကျော် ပိုများလာပြီး ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ဒေသတွေ ပြည်သူတွေ သေဆုံးတာလည်း ပိုများလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီ ၃ လပတ်ကာလအတွင်း ရခိုင်ပြည်နယ်ကို ၁၅ ၁ ကြိမ်၊ စစ်ကိုင်းတိုင်းကို ၁၀၇ ကြိမ်၊ မကွေးတိုင်းကို ၁၀၆ ကြိမ် ဗုံးကြဲခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအရ ဘာသာရေးအဆောက်အအုံ ၃၉ ခု၊ ဆေးရုံဆေးခန်း ၄ ခု၊ စာသင်ကျောင်း ၁၆ ကျောင်း၊ စစ်ရှောင်စခန်း ၂ ခု၊ တံတား ၃ စင်းနဲ့ ဈေး ၂ ဈေး ပျက်စီးခဲ့ရပါတယ်။











