
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ကလော၊ အောင်ပန်း၊ ဟိုပုံးနဲ့ ရွှေညောင်မြို့တို့မှာ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလောမြို့မှာ ဩဂုတ် ၉ ရက်ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ကလောချောင်းရေ မြင့်တက်လာကာ ရပ်ကွက် ၄ ဘက်က နေအိမ်တချို့ ရေဝင်လာတာကြောင့် နေရာရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ကလောမြို့ခံတယောက်က “မိုးက အခုထိ မရပ်သေးတော့ ချောင်းရေက ထပ်တက်လာမှာကို စိုးရိမ်တယ်။ အနိမ့်ပိုင်းမှာ နေတဲ့သူတွေကလည်း ရေဝင်လာရင် ချက်ချင်းရွှေ့နိုင်အောင် ပစ္စည်းတွေ ကြိုပြင်ထားကြတယ်။ မိုးက ဒီလိုပဲ ဆက်ရွာနေရင် အခုထက် ရေအခြေအနေ ပိုဆိုးလာနိုင်တယ်” လို့ ပြောပါတယ်။
ဟိုပုံးမြို့ အနောက်ရပ်ကွက်၊ ဆွမ်မီလမ်းဘက်မှာလည်း မိုးရွာတိုင်း ရေကြီးတဲ့ပြဿနာရှိနေပြီး ဒီနှစ်အတွင်း ရေလျှံတာ ၁၀ ကြိမ်လောက် ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အခုလည်း လမ်းပေါ်ရေတက်နေတာကြောင့် ကား၊ ဆိုင်ကယ်တွေနဲ့ ကျောင်းသားတွေ သွားလာရတာ အခက်အခဲ ရှိနေပါတယ်။
ဟိုပုံးမြို့ခံတယောက်က “အရင်က ရေစီးတဲ့ချောင်းတချောင်း ရှိတယ်။ အဲဒီချောင်းပိတ်သွားတော့ မိုးများတာနဲ့ ရေက လမ်းပေါ်ကို တက်လာတယ်။ အခုလို မိုးဆက်တိုက်ရွာနေတဲ့အချိန်ဆို ဆိုင်ကယ်နဲ့ ကားတွေ သွားလာရတာ အန္တရာယ်ရှိတယ်။ ရေကျသွားရင်လည်း ရွှံ့ဗွက်တွေကျန်ခဲ့လို့ လမ်းက ပြန်သွားလာဖို့ ခက်တယ်” လို့ ပြောပါတယ်။
ရေကြီးတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာဌာနတွေကို တင်ပြထားပေမဲ့ အခုချိန်အထိ ထိရောက်တဲ့ ပြုပြင်မှုတွေ မလုပ်ပေးသေးဘူးလို့ သိရပါတယ်။
အောင်ပန်းနဲ့ ရွှေညောင်မြို့မှာလည်း မိုးသည်းထန်တာကြောင့် လမ်းတွေ ရေကျော်တာနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်တာတွေ ဖြစ်နေပါတယ်။
မိုးဆက်ပြီးရွာနိုင်တာကြောင့် ချောင်းနဲ့ မြစ်အနီး၊ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုအပြင် မြေပြိုတာနဲ့ မိုးကြိုးပစ်တာတွေကိုပါ အထူးသတိထားဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။










