
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ထဲမှာ အခြေအနေအမျိုးမျိုးကြောင့် စစ်အာဏာရှင်လက်အောက်ခံ ရမခတိုင်းမှူးအမိန့်နဲ့ ယာယီပိတ်ထားတဲ့ အခြေခံပညာစာသင်ကျောင်းပေါင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။
ကျောင်းပြန်ဖွင့်ပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအထောက်အကူပြုပစ္စည်းနဲ့ ကျောင်းဝတ်စုံတွေ ပေးအပ်တဲ့ အခမ်းအနားကို ဩဂုတ် ၂၉ ရက်က ဆင်ကျော့နဲ့ ဆောင်ကြဲ အထက်တန်းကျောင်းမှာကော မူလွန်အလယ်တန်းကျောင်းခွဲတွေ၊ မူလတန်းကျောင်းတွေမှာ ကျင်းပခဲ့တယ်လို့ သီပေါမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းထက်စံက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
ဩဂုတ် ၃ ရက်ကတည်းက ပိတ်ထားရတဲ့ အဲဒီစာသင်ကျောင်းတွ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စစ်အာဏာရှင်အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပညာရေးဌာန၊ ဒေသခံအဖွဲ့အစည်း၊ ကျောင်းကော်မတီနဲ့ ဆရာ၊ ဆရာမတွေ ဒေသခံပြည်သူတွေက မိမိတို့အခန်းကဏ္ဍအသီးသီးကနေ ပူးပေါင်း ပါဝင်ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစာသင်ကျောင်း ၁၇ ကျောင်းကတော့ ဆင်ကျော့၊ ဆောင်ကြဲ၊ နားတောင့်၊ ပန်ခမ်း၊ နားမခေါ် ၊ ပန်စောက်မိုင်း၊ နောင်တုံ၊ ပန်မိတ် စတဲ့ကျေးရွာတွေကဖြစ်ပြီး MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲက စာသင်ကျောင်းတွေလည်း ပါဝင်နေပါတယ်။
MNDAA သတင်းရင်းမြစ်ကလည်း သူတို့ထိန်းချုပ်ဒေသထဲရှိ စာသင်ကျောင်း ၇ ကျောင်းကို ဒီရက်ပိုင်းတွင်း ပြန်ဖွင့်ပေးနိုင်ဖို့ ဆရာ/ဆရာမတွေ စေလွှတ်နေချိန် စစ်အာဏာရှင်ဘက်ကလည်း ပြန်ဖွင့်မယ်လို့ ပြောလာတယ်၊ သူတို့ဘက်က ပြင်ဆင်ပြီးသားဆိုတော့ လက်မခံတော့ဘူးလို့ ပြောပါတယ်။
ပိတ်လိုက်တဲ့ ၁၇ ကျောင်းထဲမှာ MNDAA ထိန်းချုပ်ဒေသဘက်မှာ ၁၀ ကျောင်းရှိတယ်၊ အဲဒီထဲက ၇ ကျောင်းဖွင့်မယ်၊ ကျန် ၃ ကျောင်းက ဖွင့်မဲ့ကျောင်းမှာ ပေါင်းသင်ဖို့၊ စစ်တပ်ဖွင့်တဲ့ကျောင်း ၇ ကျောင်းက ကလေးတွေလည်း လာတက်နိုင်တယ်။ MNDAA ဘက်က ပိတ်ပင်ထားတာမရှိဘူးလို့ ကိုးကန့်သတင်းရင်းမြစ်က ပြောပါတယ်။
MNDAA ဘက်က ပြန်ဖွင့်မဲ့ ကျောင်းတွေမှာ အမက (ဆွတ်လန်း)၊ အမက (မြို့ဟောင်း)၊ အမက (နမ့်ပျဉ်)၊ အမက (ကောင်းလန်း)၊ အမက (နားညု)၊ အလက (ပန်ညု)၊ အထက (ဆောင်ကြဲ) တို့ ဖြစ်တယ်၊ ဆရာ/ဆရာမ အများစုဟာ နွေဦးတော်လှန်ရေးမှာ CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေလို့ သိရပါတယ်။
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်နဲ့အတူ သီပေါ မြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာတော့ စစ်အာဏာရှင်တပ်ဘက်က ပြန်လည်ထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ သီပေါတံတား အရှေ့ဘက်ခြမ်းက ကျေးရွာအုပ်စု တချို့တွေကိုတော့ MNDAA ဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။











