DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးရေးအကူအညီပြန်ပေးရန် မြန်မာစစ်အာဏာရှင်၏ တောင်းဆိုမှုကို ဂျပန်က ငြင်းပယ်သင့်ဟု HRW ပြော
DVB
·
July 3, 2026
၂၀၂၀ ပြည့်နှစ်က ဂျပန်အကူအညီဖြင့်ဖွင့်လှစ်ခဲ့သည့်စာသင်ကျောင်း ။  Photo: Embassy of Japan in Myanmar
၂၀၂၀ ပြည့်နှစ်က ဂျပန်အကူအညီဖြင့်ဖွင့်လှစ်ခဲ့သည့်စာသင်ကျောင်း ။ Photo: Embassy of Japan in Myanmar
Donate to DVB

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီတွေပြန်ပေးဖို့ စစ်အာဏာရှင်ဘက်က  တောင်းဆိုမှုကို  ဂျပန် အစိုးရအနေနဲ့ ငြင်းပယ်သင့်တဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်ပေးအပ်ဖို့နဲ့ အကူအညီအသစ်တွေ ဆက်လက် ဆိုင်းငံ့ထားမယ်ဆိုရင် သာမန်ပြည်သူတွေပဲ ဒုက္ခရောက်လိမ့်မယ်လို့  စစ်အာဏာရှင်ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဇွန် ၃၀ ရက်နေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ဂျပန်အစိုးရကို တောင်းဆိုလိုက်တဲ့ အပေါ်  HRW က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အရေးပေါ်လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မဟုတ်တဲ့ ရေရှည်အစိုးရစီမံကိန်းတွေအတွက် ပံ့ပိုးပေးနေတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ သာယာဝပြောရေးအတွက် စိုးရိမ်ပူပန်ကြောင်း စစ်အာဏာရှင် ပြောရေး ဆိုခွင့်ရှိသူရဲ့ပြောကြားချက်ဟာ စစ်တပ်ရဲ့ မြေပြင်လုပ်ရပ်တွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ် လို့ HRW အဖွဲ့က ပြောပါတယ်။ 

အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်တပ်က တရားလက်လွတ်သတ်ဖြတ်မှု၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့တာပါ။

၂၀၂၂ ခုနှစ်အတွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်သားတွေနဲ့ လက်နက်တွေ သယ်ယူပို့ဆောင်ဖို့အတွက် ဂျပန်နိုင်ငံက ရန်ပုံငွေ ပံ့ပိုးထားတဲ့ အရပ်ဘက်သုံး ရေယာဉ်တွေကို မြန်မာစစ်တပ်က အလွဲသုံးစားပြုလုပ်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းကတဆင့် စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းစုကြီးတခုဟာ ဘဏ္ဍာရေးအရ အကျိုးအမြတ်တွေရရှိ ခဲ့တယ်လို့ HRW ရဲ့ သုတေသန ပြုချက်အရ သိရပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်အာဏာရှင်ဟာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရပြီး နောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဝေမှုတွေကိုလည်း အကြိမ်ကြိမ် ပိတ်ဆို့ ဟန့်တားခဲ့တာပါ။

မြန်မာစစ်တပ်အနေနဲ့ ပြစ်ဒဏ်ခတ်ခြင်း မခံရဘဲ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် ကျူးလွန်နေတာ၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို နှိပ်ကွပ်နေတာတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို နှောင့်ယှက်နေတာတွေ ရှိနေသရွေ့ ဂျပန်အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးအကူအညီ အသစ်တွေကို ပြန်လည်မပေးအပ်သင့်ဘူးလို့ HRW အဖွဲ့က ထောက်ပြထားပါတယ်။

အဲဒီလို လုပ်မဲ့အစား တခြားအစိုးရတွေနဲ့ ပူးပေါင်းပြီးတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေကို ပိုမိုတင်းကျပ်ကာ မြန်မာ စစ်တပ်အပေါ် ဖိအားတွေကို တိုးမြှင့်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေအပေါ် အမှန်တကယ် စိုးရိမ်ပူပန်တယ်ဆိုရင်တော့ အရပ်သားတွေအပေါ် တရားမဝင်တိုက်ခိုက်နေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လွတ်လပ်စွာ စီးဆင်းခွင့်ပြုဖို့ ချက်ချင်း လုပ်ဆောင်ရရမယ်လို့ HRW အဖွဲ့က ပြောပါတယ်။

Source:HRW

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013