DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက် လှေဂိတ်များ BGF တပ်ဖွဲ့ ပိတ်၊ ကုန်စည်စီးဆင်းမှု ရပ်တန့်
DVB
·
March 24, 2015
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက် လှေဂိတ်များ BGF တပ်ဖွဲ့ ပိတ်၊ ကုန်စည်စီးဆင်းမှု ရပ်တန့်
Donate to DVB

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ်ဖွဲ့ကနေပြီး သောင်ရင်းမြစ်လျှောက်က လှေဂိတ်တွေကို ဒီကနေ့မနက်ပိုင်းကစပြီး ပိတ်လိုက်တဲ့အတွက် ထိုင်းနဲ့မြန်မာ နှစ်ဖက် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပါတယ်။

ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ထိုင်းဘက်က အထူးအဖွဲ့တဖွဲ့ကနေပြီး စက်သုံးဆီတွေကို တံတား ပေါ်ကလွဲရင် ကျန်တဲ့ဂိတ်ကို မတင်သွင်းဖို့ ပိတ်ပင်လိုက်တဲ့အတွက် နယ်စပ် မြ၀တီမြို့ မှာ စက်သုံးဆီပြတ် လပ်မှုကြုံခဲ့ရပါတယ်။

ဒါကြောင့် နယ်စပ်တလျှောက်က လှေဂိတ်တွေကို ပိတ်ရတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကျနော်တို့ နယ်စပ်ကင်းစခန်းဘက်မှာရှိတဲ့အပေါက်တွေမှာ ထိုင်းဘက်က အထူးအဖွဲ့ တဖွဲ့ဆိုပြီးရောက် လာတယ်။ ရောက်လာပြီးတော့ ကျနော်တို့နိုင်ငံဘက်ကို စက်သုံးဆီမကူးရ၊ တံတားပေါ်ကပဲ ကူးရမယ်ဆိုပြီးတော့မှ အကြပ်ကိုင်လာတာပေါ့ဗျာ။ အမှန်တကယ်ကျနော်တို့ သိသလောက်ကတော့ သူတို့က ငွေလိုက် ညစ်တာပေါ့။ ညစ်မရတော့ အကြပ်ကိုင်လာတာ။ ကျနော်တို့ကလည်း ဆီဘောင်ဆာတစီးကို တန် ၃၀ အထိပဲခွင့်ပြုထားတယ်။ ဆီဘောင်ဆာ တစီးကို ၄၅ တန်ရှိတယ်။ အဲတော့ ကူးလို့မရဘူး။ ကျနော်တို့က ဒီဂိတ်ကနေ ကူးတယ်ဆိုတာ လည်း ကျနော်တို့ ကုန်သွယ်ရေးဇုံမှာ တရားဝင်အခွန်ဆောင်ပြီးတော့ ၀င်နေတဲ့ဆီတွေပဲလေ။ အဲတော့သူတို့က အဲလိုမျိုး အကြပ်တည်းဖြစ်အောင် လုပ်လာတဲ့အခါကျတော့ ဒီမြ၀တီမှာ ဆီပြတ်လတ်မှုတွေ တော်တော်ကြုံနေရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလည်း ဖာအံကနေပြီး မြ၀တီကို ဆီပြန်ပို့ရတယ်။ အဲလိုမျိုးဖြစ်နေတော့ ကျနော်တို့က ယိုးဒယားအဖွဲ့တဖွဲ့ကနေပြီး သူတို့ ဒီလိုလုပ်တာ ကျနော်တို့မခံနိုင်တော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အဆင်မလားဆိုပြီးေ စာင့်ကြည့်တာ။ မပြေတော့ မနေ့ညကမှ လူကြီးက အမိန့်ထုတ်လိုက်တာပေါ့။ နယ်စပ်ဂိတ်ပိတ်ဖို့။”

ဒါ့အပြင် လက်ရှိဖြစ်စဉ်မှာ ထိုင်းအစိုးရက လုပ်ဆောင်တာမဟုတ်ဘဲ အောက်ခြေ အဖွဲ့တဖွဲ့ကနေပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီလုပ်ရပေါ်လွင်စေဖို့အတွက် အခုလို ပိတ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

နယ်စပ်တလျှောက် ရွှေကုကိုလ်ကနေပြီး မင်းလက်ပံအထိ  သောင်းရင်းမြစ်တလျှောက်  ဂိတ်ပေါင်း ၂၃ ခုကို ပိတ်ထားတာဖြစ်ပါတယ်။

ဒီလိုနယ်စပ်ဂိတ်တွေ ပိတ်ထားခြင်းအားဖြင့် ကုန်စည်စီဆင်းမှုတွေ ရပ်တန့်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိ နေပေမယ့် နှစ်ဖက်ပြေလည်မှု ရစေချင်တယ်လို့လည်း ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

နယ်စပ်လှေဆိပ်တွေကို BGF က ပိတ်တာဖြစ်ပြီး ဒီကိစ္စကို တိုင်းစစ်ဌာနချက်ဆီကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

သင်္ကြန်ကာလမှ စက်သုံဆီဈေးတက်လေ့ရှိပြီး ထိုင်းဘက်က ဒီလိုကန့်သန့်ထားရင် မြန်မာပြည်တွင်း စက်သုံးဆီဈေးပိုမိုမြင့်တက်လာနိုင်သလို ဆီဈေးနဲ့အတူ ကုန်ဈေးနှုန်းတွေ တက်လာမှာ စိုးရိမ်တဲ့အတွက်လည်း အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

နယ်စပ်လှေဂိတ်တွေကို ဘယ်လောက်ကြာကြာ ပိတ်ထားမယ်ဆိုတာ သတ်မှတ်ထားတာ မရှိပေမယ့် ပြေလည်မှုရတဲ့အတွက် ပိတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013