
စစ်အာဏာရှင်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) က လာရောက် တပ်စွဲနေတာကြောင့် မလိုလားအပ်တဲ့ ထိပ်တိုက်စစ်ရေးဖြစ်လာနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရသူ ပဒို စောထိုရော်ဘင်က ပြောပါတယ်။
နယ်ခြားစောင့်တပ်(BGF) တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု စွပ်စွဲချက်တွေနဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကြာအင်းကျေးရွာအနီးက တပ်မဟာ ၅ နယ်မြေ မိဇိုင်းတောင်ခြေကို အင်အား ၃၀၀ လောက်နဲ့ ပြောင်းရွှေ့ပြီး တပ်စွဲနေတာဖြစ်ပါတယ်။
လက်ရှိ ဗိုလ်မှူး စောမုတ်သုန်နဲ့ တပ်ဖွဲ့ဝင်တွေ အခြေချတပ်စွဲနေတဲ့နယ်မြေဟာ စစ်အာဏာရှင်တပ် တွေ လနဲ့ချီပြီး ထိုးစစ်ဆင်နေတဲ့ တပ်မဟာ ၅ နယ်မြေအတွင်းမှာ ရှိနေပါတယ်။
ပဒို စောထိုရော်ဘင် က “မလိုအပ်တဲ့ ထိပ်တိုက်စစ်ရေးဖြစ်လာနိုင်သလို ဗိုလ်မှူး စောမုတ်သုန်အနေနဲ့ ထပ်ဆင့်အမှားများလာနိုင်တဲ့အပြင် နယ်မြေမတည်ငြိမ် မငြိမ်းချမ်းတာတွေ ပိုဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။
မိဇိုင်းတောင်အနီးအနားက တမို၊ နိုထာ၊ လယ်ကွဲ၊ ဝါးဒူး၊ သာကေပလေကျေးရွာက ဒေသခံ ရွာသားတွေကို ဆန်နဲ့ စားသောက်စရာတွေထောက်ပံ့ပြီး လမ်းလုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဗိုလ်မှူး စောမုတ်သုန် သွားရောက်တပ်စွဲနေတဲ့ မီဇိုင်းတောင်ခြေမှာ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်ဘိနဲ့ တပ်ဖွဲ့ဝင်တွေ လက်ရှိချိန်ထိ အခြေချတပ်စွဲထားပြီး စစ်တပ်နဲ့အတူ စစ်ဆင်ရေးနယ်မြေတွေမှာ ပူးပါင်းတိုက်ခိုက်နေပါတယ်။
လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက် ဝေါလေဗျူဟာမကျရေး၊ ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်း တွေကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်တပ်ဘက်ကနေ နယ်ခြားစောင့်တပ်(BGF) ဗိုလ်မှူး စောမုတ်သုန် လက်အောက်ခံတပ်ဖွဲ့တွေက ကူညီထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။











