DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖမ်းဝရမ်းထုတ်ခံရသည့် ဗိုလ်မှူးစောမုတ်သုန် မိဇိုင်းတောင်ခြေ ပြောင်းရွှေ့
အောင်ခန့်
·
August 27, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်အာဏာရှင်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်ဟာ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု စွပ်စွဲချက်တွေနဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်းဝရမ်း ထုတ်တာခံရပြီးနောက် ဩဂုတ်လ ဒုတိယပတ်ကစပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကြာအင်းကျေးရွာအနီးက မိဇိုင်းတောင်ခြေကို အင်အား ၃၀၀ လောက်နဲ့ ပြောင်းရွှေ့ပြီး တပ်စွဲနေပါတယ်။

ဗိုလ်မှူးစောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု ရာဇဝတ်ကျူးလွန်မှုနဲ့ ထိုင်းနိုင်ငံ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (DSI) နဲ့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးတို့က ဇူလိုင် ၂၇ ရက်မှာ ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် မိဇိုင်းတောင်ခြေမှာ အခြေပြု တပ်စွဲနေတာပါ။

ကရင်စစ်ရေးသတင်းရင်းမြစ်တယောက်က “သူတို့က သတင်းထဲမှာ ပြောကြတာတော့ တမျိုးလေ။ ဗိုလ်ဘိကပဲ လမ်းညွှန်ပြီးတော့ပဲ သွားနေသလိုလို၊ သူ့သဘောဆန္ဒနဲ့ သူ့ဟာသူ သွားနေတာပဲလေ။ လုပ်စရာရှိလို့ နေမှာပေါ့။ အဲဒါတော့ မှန်ပါတယ်။ သူတို့တပ်ဖွဲ့တွေ မိဇိုင်းတောင်မှာ သွားနေတာကျတော့။ သူ နဂိုတုန်းက သူ့လူတွေတော့ ရှိမှာပေါ့လေ။ ရှိတော့ရှိတယ်။ ဒါပေမဲ့ အခုက နည်းနည်း အင်အားထပ်ဖြည့်ထားတာနေမှာပေါ့။ အင်အားထပ်ဖြည့်ထားတယ်၊ ဒေသခံတွေကတော့ ဘာပြောမလဲ၊ အဆင်ပြေပါတယ်။ သူတို့နဲ့ နဂိုကတည်းက ဗိုလ်မုတ်သုန်တို့လည်း လိုအပ်တဲ့ သာသနာရေးလုပ်ငန်းတွေ ဘာတွေ ဝိုင်းဝန်းကူလုပ်ပေးနေတာပဲလေ။ သူတို့ကလည်း အကုန်လုံး နေခဲ့ဖူးတာပဲလေ။ အဘိုး ဗိုလ်ဘိတို့ကလည်း နဂိုက နေခဲ့ဖူးတာပဲ။ သူတို့ အခုနေတဲ့ ရွာအကျိုးအတွက်လည်း လုပ်စရာရှိ လုပ်ကြမှာပေါ့။ စစ်ရေးစစ်ရာနဲ့တော့ ကျနော်တို့ မပြောတတ်ဘူး” လို့ ပြောပါတယ်။

အသက် ၄၀ နှစ်ရှိ ဗိုလ်မှူး ဗိုလ်မှူးစောမုတ်သုန်ဟာ လူကုန်ကူးမှု ကျူးလွန်တဲ့၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပသို့ ခေါ်ဆောင်တာ၊ စေလွှတ်တာ၊ တရားဥပဒေစိုးမိုးမှုအောက်မှ လွတ်ကင်းအောင် ကူညီတာ၊ ပုန်းခိုရာနေရာ စီစဉ်ပေးတာ စတဲ့ပြစ်မှုတွေ ကျူးလွန်ထားတယ်လို့ အွန်လိုင်းမှာ ထွက်ပေါ်နေတဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်ချက်အရ စောမုတ်သုန်က ထိုင်းနိုင်ငံအတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုရာဇဝတ်မှု ကျူးလွန်တယ်လို့ ယုံကြည်လောက်တဲ့ အထောက်အထားတွေ ရရှိထားတာကြောင့် ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ကရင်နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတယောက်က “နိုင်ငံတကာနဲ့ ထိုင်းအစိုးရက သူ့ကို ဖမ်းဝရမ်းထုတ်လိုက်ပြီ ဆိုကတည်းကိုက သူ့ရဲ့ မဲဆောက်တို့ ချင်းမိုင်တို့မှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးကတော့ အော်တိုမက်တစ် ချိပ်ပိတ်ခံရပြီ။ ရုပ်သိမ်းခံရပြီဆိုတဲ့ အနေအထားမျိုးမှာ ရှိတယ်။ နောက်တခုကကျတော့ ဗိုလ်မှူးမုတ်သုန်ရဲ့ သွားလာလုပ်ကိုင် လှုပ်ရှားတဲ့ ဧရိယာ ကျဉ်းလာပြီ။ ပြီးရင် သူရဲ့ တန်ခိုးပါဝါကလည်း လျော့ကျလာပြီဆိုတာကို  ကျနော်တို့ ပြောနိုင်တယ်။ ဒီအတွက်ကြောင့်လည်းပဲ BGF ဖြေရှင်းနေကျ ပုံစံတခုရှိတယ်။ ဒီလူကို ရာထူးက ချလိုက်တာမျိုး၊ ဒါမှမဟုတ် တခြားနည်းလမ်းတခုခုကို သုံးပြီးတော့မှ ဗိုလ်မှူးမုတ်သုန်ရဲ့ နေရာမှာ တခြားလူတယောက်ယောက်ကို တာဝန်တိုးမြှင့်ပြီးတော့မှ ပေးအပ်လိုက်တာမျိုးဆိုတဲ့ အဲလို ကစားကွက်တွေနဲ့ ဆက်လက်ပြီးတော့ ကစားလာနိုင်တယ်။ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျနော်တို့က ယေဘုယျ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဗိုလ်မုတ်သုန်အပေါ် စွဲဆိုချက်တွေဟာ ထောင်ဒဏ် ၃ နှစ်ထက်မနည်း ကျခံရနိုင်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး တရားခံအနေနဲ့ ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိတာ (ဒါမှမဟုတ်) သက်သေအထောက်အထားတွေကို ဖျောက်ဖျက်တာ၊ နှောင့်ယှက်တာတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် ဖမ်းဝရမ်း ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

ဗိုလ်မှူးစောမုတ်သုန် သွားရောက်တပ်စွဲနေတဲ့ မိဇိုင်းတောင်ခြေမှာ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိနဲ့ တပ်ဖွဲ့ဝင်တွေ လက်ရှိချိန်ထိ အခြေချ တပ်စွဲထားပြီး စစ်တပ်နဲ့အတူ စစ်ဆင်ရေးနယ်မြေတွေမှာ ပူးပါင်းတိုက်ခိုက်နေပါတယ်။

လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက် ဝေါလေဗျူဟာမကျရေး၊ ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်တပ်ဘက်ကနေ နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးစောမုတ်သုန် လက်အောက်ခံတပ်ဖွဲ့တွေက ကူညီထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013