DVB Logo
Home
မြန်မာသတင်း
ထိုင်းကုန်များ တရားမဝင် သယ်လာသည့် BGF နှင့် KNLA-PC တပ်ဖွဲ့များ ဖမ်းဆီးတရားစွဲခံရ
အောင်ခန့်
·
August 18, 2026
ထိုင်းကုန်များ တရားမဝင် သယ်လာသည့် BGF နှင့် KNLA-PC တပ်ဖွဲ့များ ဖမ်းဆီးတရားစွဲခံရ
1 / 2
Photo: CJ
Donate to DVB

ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တပ်ဖွဲ့တွေ ရန်ပုံငွေအတွက် တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထုတ် ကုန်စည်တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၂၀ ကျော်ကို  စစ်အာဏာရှင်လက်အောက်ခံ ကရင်ပြည်နယ်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။

ဩဂုတ် ၁၅ ရက်က BGF ထိန်းချုပ်ထားတဲ့ လှိုင်းဘွဲမြို့နယ်၊ နန့်သာအုန်းကျေးရွာ သံလွင်မြစ်ကူးဆိပ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံထုတ် ကုန်စည်တင်ယာဉ် ၂၀ ကျော်ကို စစ်အာဏာရှင်တပ်ကဖမ်းဆီးပြီး ယာဉ်နဲ့အတူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးခဲ့တာပါ။

မြို့မိမြို့ဖတယောက်က “အခု သူ ဖမ်းထားတာ အစီး ၂၀ ကျော်တယ်။ ၆ ဘီးတွေ အကုန်အပြည့်။ အဲဒါတွေက ဖောင်နဲ့ကူးတဲ့ဟာတွေပေါ့။ ကားတွေက without မဟုတ်ဘူး။ အကုန်လုံး လိုင်စင်ကား။ အဖွဲ့အစည်းနဲ့ ပေးကမ်းပေါ့။ ပြောရရင်။ အဖွဲ့အစည်းကတော့ သူ့ရန်ပုံငွေပေါ့။ ဒါပေမဲ့ ဒီမှာ နယ်လုံနဲ့ ညှိနေတယ်။ သူတို့ကတော့ အဖွဲ့အစည်းရန်ပုံငွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒဏ်ရိုက်ချင်ရိုက်၊ သူတို့ ဒဏ်ဆောင်မှာပေါ့၊ လွှတ်ပေးပေါ့။ ဟိုက ဒဏ်မရိုက်ဘူး အပြီးသိမ်းမှာ။ အဖမ်းခံရတဲ့သူတွေလည်း ထောင်ချမှာ။ အဲဒီမှာ အခြေအနေက တင်းနေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကုန်တင်ယာဉ်တွေဟာ စားသောက်ကုန်၊ အလှကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကို မြဝတီမြို့ကတဆင့် တင်ဆောင်လာတာဖြစ်ပြီး တရားမဝင် တင်ဆောင်လာတဲ့အတွက်  ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ကုန်သည်တယောက်က “သူက တရားဝင်လိုင်စင်မှ မချပေးတာ။ မချပေးတော့ အခွန်ဆောင်လို့ မရဘူး။ အခွန်ဆောင်လို့မရတော့ ပစ္စည်းက သယ်ဆင်းကြတယ်။ တကယ်တော့ ဒီပစ္စည်းတွေကို အခွန်ဆောင်မယ်ဆိုရင် ဒဏ်ရိုက်လို့ရတဲ့ အခြေအနေ။ ဒဏ်ရိုက်မယ်ဆိုရင်တောင် ဒဏ်ကြေးဆောင်ရင် 1 AB ပေါ့။ ကုန်ပစ္စည်းအတိုင်း အခွန်ဆောင်ရမှာပေါ့။ ကုန်ပစ္စည်းကို ၁၀၀ နဲ့ဝယ်ရင် အခွန်လည်း ၁၀၀ ဆောင်ရမယ်။ အဲဒီလိုပုံစံမျိုး ဖြစ်သွားမှာပေါ့။ လိုင်စင်မှာဆိုရင် ပြင်ပပေါက်ဈေးမှာ လိုင်စင်တစောင်ရဲ့တန်ဖိုးက သိန်း ၁,၀၀၀ လောက်ဖြစ်နေတယ်။ ပါမစ်တစောင်ကို။ သူ ငွေကြေးထိန်းချုပ်မှု လုပ်တယ်။ နိုင်ငံခြားသုံးငွေရှိမှပဲ တင်ပို့လိုင်စင် ပြန်ချပေးတယ်။ အဲဒီချပေးတဲ့အပေါ်မှာတောင် စီနီယာနဲ့ ကုမ္ပဏီပေါင်း အခု ၂၀၀ ကျော် ၃၀၀ နီးပါးလောက်က တင်ပို့လိုင်စင် လျှောက်ထားကြတာ။ ကျဖို့ တန်းစီးပြီး စောင့်ရတာလေ။ ကျတဲ့အခါကျရင်လည်း သူ (စစ်တပ်ဗိုလ်ချုပ်ကြီးတွေ) နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တစောင် နှစ်စောင်လောက်လေးပဲ ကျတယ်ဆိုတော့ ပစ္စည်းဆင်းဖို့က မလွယ်ကူဘူး” လို့ ပြောပါတယ်။

တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးခံရတဲ့ကိစ္စ နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တာဝန်ရှိသူတွေကို DVB က ဆက်သွယ်ခဲ့ပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်အစပ်က သိုက်တောကျေးရွာ သံလွင်မြစ်ကမ်းဘေးက  ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ ကူးတို့ဆိပ်ကို စစ်အာဏာရှင်တပ်က လေကြောင်းအပြင် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်အစပ်က  သိုက်တော၊ ဥဒေါင်း၊ နန်းသာအုံးနဲ့ သံလွင်မြစ်တဖက်ကမ်း ဝတ်ကြီးကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

မနှစ် အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013