DVB Logo
Home
မြန်မာသတင်း
ရခိုင်ရေပိုင်နက်၌ ဓားပြတိုက်မှုများကြောင့် ကုန်သည်များနှင့် ရေလုပ်သားများ စိုးရိမ်
DVB
·
March 24, 2026
ရခိုင်ရေပိုင်နက်အတွင်းမှ ငါးဖမ်းစက်လှေအချို့။ (Photo: AA၊ APM)
ရခိုင်ရေပိုင်နက်အတွင်းမှ ငါးဖမ်းစက်လှေအချို့။ (Photo: AA၊ APM)
Donate to DVB

ရခိုင်ရေပိုင်နက်အတွင်းမှာ မတ် ၂၁ ရက် ညက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စက်လှေတစင်းကို ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေက အုပ်စုဖွဲ့ ဓားပြတိုက် လုယက်သွားတာကြောင့် ဒေသခံ ကုန်သည်တွေနဲ့ ငါးဖမ်းသမားတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

မတ် ၂၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းကနေ အာလူးအိတ် ၄၀၀ တင်ဆောင်လာတဲ့ မောင်တောက စက်လှေတစင်းကို ရခိုင်ရေပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၅ ယောက်ပါတဲ့ စက်လှေတစင်းက ဓားပြတိုက် ရိုက်နှက်လုယက်ခဲ့တာလို့ ဒေသခံ ငါးဖမ်းသမားတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

မောင်တောဒေသခံ ကုန်သည်တယောက်က “စက်လှေကတော့ ကျောက်ပန္ဒူကလို့သိရတယ်။ လုပ်သားတွေကတော့ ဒေသခံ မွတ်စလင်တွေပါပဲ။ သူတို့က ငါးဖမ်းထွက်ရင်းနဲ့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကနေ အားလူအိတ်တွေ တင်ဆောင်ပြီးလာတာ။ အဲဒီမှာ ရခိုင်ရေပိုင်နက်ထဲ ရောက်ပြီးမှ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေက အုပ်စုလိုက် အနိုင်ကျင့် ဓားပြတိုက် လုယူသွားကြတာ။ ငါးဖမ်းစက်လှေရဲ့ ဦးစီး(မာစီ)ကိုလည်း ရိုက်နှက်သွားတာရှိတယ်။ အဲဒီဖြစ်စဉ်နောက် ကုန်သည်တွေလည်း ရေကြောင်းကနေ ကုန်သွယ်ရမှာကို စိုးရိမ်မှုရှိနေကြတယ်” လို့ပြောပါတယ်။

မောင်တောမြို့နယ်က ကုန်သည်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်ပစ္စည်းတွေကို ရေလမ်းကြောင်းနဲ့ ကုန်လမ်းကြောင်း နှစ်ခုလုံးကနေ ကုန်သွယ်နေတာလည်း ဖြစ်ပါတယ်။

အရင်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်အတွင်းဝင်ပြီး ငါးခိုးဖမ်းတာ၊ ရခိုင်ဒေသခံ ငါးဖမ်းသမားတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာတွေ မကြာခဏရှိသလို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်က အရာရှိနဲ့ တပ်ဖွဲ့ဝင်အချို့ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံ ငါးဖမ်းသမားတွေနဲ့ AA ဘက်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးခိုးဖမ်းတဲ့ ငါးဖမ်းသမားတွေဟာ အုပ်စုဖွဲ့လာကြတာဖြစ်ပြီး ဒေသခံ ငါးဖမ်းသမားတွေကို ရန်ရှာတာ၊ ငါးဖမ်းစက်လှေတွေကို တိုက်ခိုက်တာ၊ ပိုက်တွေကို လုယက်တာတွေ မကြာခဏရှိတာကြောင့် အုပ်စုဖွဲ့ပြီး ငါးရှာထွက်နေကြရတယ်လို့ မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာက ငါးဖမ်းသမား အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်ရေပိုင်နက်ဘက်မှာ အချိန်ပြည့် ကမ်းလှည့်မှု မရှိတာကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းသမားတွေ နေ့တိုင်း ငါးခိုးဖမ်းတာတွေရှိတယ်။ ငါးခိုးဖမ်းတာမှာ ဒေသခံ ငါးဖမ်းသမားတွေနဲ့ တွေ့ရင် အုပ်စုဖွဲ့ပြီးတော့ ရန်လိုတဲ့ အပြုအမူတွေနဲ့ စက်လှေတွေကို တိုက်တာ၊ ပိုက်တွေကို လုတာတွေပါ လုပ်ကြတာမျိုးတွေရှိတယ်။ အဲလို ရမ်းကားတာတွေကြောင့် ငါးဖမ်းထွက်ရင်လည်း စက်လှေတစင်းတည်းထွက်တာထက် ၂ စင်း၊ ၃ စင်း ပေါင်းပြီး ထွက်ရတာမျိုးတွေ လုပ်လာကြရတယ်။”

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေဟာ နတ်မြတ်အတွင်းနဲ့ ဘင်္ဂလားပင်လယ်အော်ရှိ မောင်တော၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်အစပ် ရခိုင်ရေပိုက်နက်တွေအထိ ငါးခိုးဖမ်းဖို့ ဝင်ရောက်ကြတာကြောင့် ဒေသခံ ငါးဖမ်းသမားတွေရဲ့ ငါးဖမ်းလုပ်ကွက်တွေဟာ ကျဉ်းမြောင်းလာတယ်လို့ ပြောကြပါတယ်။

အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်က နေ့တိုင်း ကင်းလှည့်နေပေမဲ့ ရေတပ်သင်္ဘောတွေနဲ့ ပင်လယ်ပြင်မှာ အထိုင်ချပြီး ကင်လှည့်တာမျိုးမဟုတ်ဘဲ အချိန်ပိုင်းခဏသာ အမြန်ရေယာဉ်တွေနဲ့ ကင်းလှည့်တာဖြစ်တဲ့အတွက် ရေပိုင်နက်ကျူးကျော်ပြီး ငါးခိုးဖမ်းမှုတွေက ရှိနေကြဆဲလို့ ဒေသခံ ငါးဖမ်းသမားတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးခိုးဖမ်းတဲ့ ငါးဖမ်းသမားတွေကို လိုက်လံဖမ်းဆီးခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ အရာရှိတယောက်နဲ့ တပ်ဖွဲ့ဝင်တယောက်ကို ပင်လယ်ပြင်အတွင်း သတ်ဖြတ်ပြီး လက်နက်တွေယူဆောင်ကာ ထွက်ပြေးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေကို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်က ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013