
အမေရိကန်ကနေ ပြည်နှင်ဒဏ်ပေးခံရတဲ့ ဂွါတီမာလာ ဇနီးမောင်နှံကို ဂွါတီမာလာနိုင်ငံ အနောက်တောင်ပိုင်းရှိ ကြံခင်းတခုထဲမှာ သေဆုံးလျက်သား တွေ့ရှိရကြောင်း အာဏာပိုင်တွေက ဇူလိုင် ၂၈ ရက်မှာ ပြောကြားခဲ့ပြီး သူတို့ရဲ့ အသက်တနှစ်အရွယ် သမီးငယ်လေးကိုတော့ သူတို့ ဘေးနားမှာပဲ အသက်ရှင်လျက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကလေးငယ်အပြင် ကျန်ခဲ့တဲ့ သူတို့ရဲ့ ကလေး ၂ ယောက်ကိုတော့ ဆွေမျိုးတွေဆီ လွှဲပြောင်း ပေးထားတယ်လို့ ဂွါတီမာလာ အစိုးရရှေ့နေရုံးက ထုတ်ပြန်ထားပါတယ်။
ဒေသတွင်း သတင်းတွေအရ သူတို့လင်မယား ၂ ယောက်စလုံးဟာ လွန်ခဲ့တဲ့အပတ်ကတည်းက ပျောက်ဆုံးနေခဲ့တာပါ။
အသက် ၄၃ နှစ်အရွယ် နစ်ခ်ဆင် ဂျိုဗာနီ ပီရက်ဇ်နဲ့ အသက် ၂၀ ကျော်အရွယ် ဂလန်ဒီ မာရီဆိုး ဂွန်ဇာလက်ဇ်တို့ဟာ မြို့တော် ဂွါတီမာလာစီးတီးရဲ့ အနောက်ဘက် ၁၁၂ မိုင်ကျော်အကွာ ရီတာဟူလူးမြို့ပြင်က ကြံခင်းထဲမှာ လက်နှစ်ဖက်စလုံး နောက်ပြန်ကြိုးတုပ်ခံထားရပြီး သေဆုံး နေတာကို ရိုက်တာသတင်းဌာနက စစ်ဆေးခွင့်ရခဲ့တဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။
ပီရက်ဇ်ရဲ့လည်ပင်းမှာ သေနတ်ဒဏ်ရာလို့ ယူဆရတဲ့ ဒဏ်ရာတခု၊ ဂွန်ဇာလက်ဇ်ရဲ့ခေါင်းမှာ ဒဏ်ရာ တခုတွေ့ရပြီး အနီးအနားမှာ ကျည်ခွံတွေနဲ့ ချန်ပီယံတံဆိပ် ပန်းရောင်နဲ့ အဖြူရောင် ရောထားတဲ့ ဖိနပ်တဖက်ကို တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ဆီမှာ ကိုယ်ပိုင်ပစ္စည်း ဘာမှပါမလာဘဲ အခင်းဖြစ်နေရာမှာတော့ အနီရောင်အစင်းပါ မော်တော်ဆိုင်ကယ်တစီးကို သိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့လင်မယား သေဆုံးမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရရဲ့ အမြောက်အမြား ပြည်နှင်ဒဏ်ပေးမှုတွေကြား အမေရိကန်ကနေ ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ကြုံတွေ့ နေရတဲ့ အန္တရာယ်နဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြနေတာပါ။
သူတို့ရဲ့ ဒုက္ခတွေဟာ လွန်ခဲ့တဲ့နှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ ပီရက်ဇ်နဲ့ သူ့အစ်ကိုတို့ဟာ အမေရိကန် မစ်ဆူရီပြည်နယ်၊ အိုဗာလန်းမှာ ခေါင်မိုးမိုးတဲ့ အလုပ်သွားလုပ်ချိန်မှာ လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ ပီရက်ဇ်ရဲ့အစ်ကို ရိုလန်ဒိုက စိန့်လူးဝစ် အများပြည်သူ ရေဒီယိုဌာနကို ပြောပြခဲ့ပါတယ်။
ဂွါတီမာလာမှာ အကြမ်းဖက်မှုနဲ့ ဆင်းရဲဒုက္ခတွေကြောင့် စွန့်ခွာထွက်ပြေးခဲ့သူ ပီရက်ဇ်ဟာ လွန်ခဲ့တဲ့ နှစ်က ပြည်နှင်ဒဏ်ပေးခံခဲ့ရတာဖြစ်ပြီး ဇနီးဖြစ်သူ ဂွန်ဇာလက်ဇ်ကတော့ အမေရိကန်ကနေ သူ့ဆန္ဒ အလျောက် ခင်ပွန်းဖြစ်သူနဲ့ ဂွါတီမာလာကို ပြန်လိုက်လာဖို့ လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်းကမှ သဘောတူခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ရဲတပ်ဖွဲ့ (ICE) နဲ့ အိုဗာလန်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ကုလသမဂ္ဂ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ်ရဲ့ ပထမ ၆ လအတွင်း ဂွါတီမာလာကို ပြန်ပို့ခံရသူ ပေါင်း ၃၂,၀၀၀ နီးပါး ရှိခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့နှစ် စာရင်းထက် ၄၇ ရာခိုင်နှုန်း တိုးလာတာပါ။
ပြန်ပို့ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အမေရိကန်ကဖြစ်ပြီး ကျန်တာကတော့ မက္ကဆီကိုက ဖြစ်ပါတယ်။
လွန်ခဲ့တဲ့အပတ်က ရုတ်တရက် မြင့်တက်လာတဲ့ လူသတ်မှုတွေကို ဒုစရိုက်ဂိုဏ်းတွေကြောင့်လို့ ဂွါတီမာလာအစိုးရက စွပ်စွဲထားပြီး နိုင်ငံရဲ့ လုံခြုံရေးအစီအမံတွေကို တိုးမြှင့်ဖို့ အစီအစဉ်တခုကို ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters










