
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ အဝတ်အစား တွေကို မီးရှို့တာကြောင့် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
မေ ၈ ရက်၊ မွန်းလွဲပိုင်းက အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ ၁၊ အောင်မော်ဇံ ဘုန်းကြီးကျောင်းလမ်းက နေအိမ်တလုံးမှာ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာကနေ ခင်ပွန်းဖြစ်သူက အဝတ်အစားတွေကို မီးရှို့ရာကတဆင့် အနီးအနားက အိမ်တွေကိုပါ ကူးစက် လောင်ကျွမ်းခဲ့တာပါ။
မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “လင်မယားချင်းစကားများပြီး ဒေါသအလျောက် အဝတ်အစားတွေကို မီးရှို့ရာကနေ မီးက ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး နေအိမ်တွေပါ မီးထဲ ပါသွားတာ။ လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး ထရံကာ၊ ကွန်ကရစ်ခင်း ၁ ထပ်နေအိမ် ၂ လုံး မီးလောင် ဆုံးရှုံးခဲ့တယ် လို့ သိရပါတယ်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ် ယာဉ် ၃ စီး၊ အရန်နဲ့သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀ အပြင် အရပ်သားတွေကပါ စုပေါင်းငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပါဝင်ငြှိမ်းသတ်ခဲ့သူတယောက်က “မီးလောင်မှုအား အရမ်းကောင်းတယ်။ မီးသတ်တပ်ဖွဲ့တွေ လာမှ ထိန်းနိုင်ခဲ့တာ။ ခက်ခက်ခဲခဲကိုငြှိမ်းသတ်ခဲ့တာ။ အိမ်တွေမနည်းဘူး ရှိတာ။ မီးထိန်း မရ ရင် မလွယ်ဘူး” လို့ ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်လို့ အဝတ်အစားတွေကို မီးရှို့ခဲ့တဲ့ အသက် ၄၀ အရွယ် ဦးလတောင် ဆိုသူကို မြစ်ကြီးနား နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။











