ပီရူးသမ္မတ ရွေးကောက်ပွဲ မဲရလဒ်တွေ ရက်သတ္တပတ်အတန်ကြာ ပြန်လည်စိစစ်ခဲ့အပြီးမှာ အာဏာရှင်သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရိရဲ့ သမီးဖြစ်သူ ကဲအိကို ဖူဂျီမိုရိက ကပ်အနိုင်ရခဲ့ပါတယ်။
ဇွန် ၇ ရက်က ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ကိုယ်စားလှယ် ဖူဂျီမိုရိဟာ လက်ဝဲယိမ်းပြိုင်ဘက် ရော်ဘတ်တို ဆန်းချက်ဇ်ကို စုစုပေါင်းမဲ ၅၀,၀၀၀ အောက် အသာစီးနဲ့ အနိုင်ရခဲ့တယ်လို့ ဇွန် ၂၉ ရက်မှာ ရလဒ်ထွက်လာခဲ့တာပါ။
အနိုင်ရကြောင်း ကြေညာအပြီးမှာ ပီရူးနိုင်ငံသားအားလုံးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ မျှော်လင့်ချက်လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ပိုမိုနီးကပ်လာပြီလို့ ဖူဂျီမိုရိက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ရာဇဝတ်မှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ မြင့်တက်နေတဲ့ ပီရူးနိုင်ငံကို သူမရဲ့ဖခင်လိုပဲ ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်လို့ အသက် ၅၁ နှစ်အရွယ် ဖူဂျီမိုရိက ကတိပေးထားပါတယ်။
ဒါပေမဲ့ ပြိုင်ဘက် ဆန်းချက်ဇ်ကတော့ ပြည်ပမဲတွေ ရေတွက်ရာမှာ မသမာမှုတွေ ရှိတယ်လို့ စွပ်စွဲပြီး ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူးလို့ ငြင်းဆိုထားပါတယ်။
ခိုင်လုံတဲ့အထောက်အထား မပြနိုင်ပေမဲ့ မဲရလဒ်ကို ကာကွယ်ဖို့ ဆန္ဒပြကြဖို့ တိုက်တွန်းထားသလို တရားဝင်ကြေညာမှုကိုလည်း ဥပဒေအရ ကန့်ကွက် အယူခံဝင်သွားမယ်လို့ ဆန်းချက်ဇ်က ဆိုပါတယ်။
ပီရူးရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၃ ရက်မှာ ရလဒ်ကို တရားဝင် ကြေညာသွားမှာ ဖြစ်ပါတယ်။
သမ္မတသစ်ဟာ ဇူလိုင် ၂၈ ရက်မှာ ၅ နှစ်သက်တမ်းအတွက် ရာထူး စတင် ထမ်းဆောင်ရမှာပါ။
ပီရူးနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း သမ္မတ ၈ ယောက်အထိ ပြောင်းလဲခဲ့ရတဲ့အထိ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲ ၄ ကြိမ်မြောက် ဝင်ပြိုင်ရာမှာ အခုလို အနိုင်ရခဲ့တဲ့ ဖူဂျီမိုရိကတော့ တိုင်းပြည်ကို ပြန်လည်စည်းလုံးအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။











