
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ကျေးရွာတာဝန်ခံ ၂ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ခြေကျေးရွာခွဲတာဝန်ခံ အသက် ၆၀ ကျော်အရွယ် ဦးလှညွန့်နဲ့ ကြံစို့ကျေးရွာခွဲတာဝန်ခံ အသက် ၆၅ နှစ်အရွယ် ဦးမောင်တိုး တို့ကို အမည်မသိ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်တွေနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အဖမ်းခံရတဲ့ ၂ ယောက်လုံးက တော်လှန်ရေးတပ်ဖွဲ့တွေကို စော်ကားပုတ်ခတ် ပြောဆိုတယ်။ ပြီးတော့ စစ်မှုထမ်းထောက်ပံ့ကြေး ခေါင်းစဉ်နဲ့ ဒေသခံတွေဆီက ငွေတွေကို ဖိအားပေး ကောက်နေတဲ့သူတွေ။ ဖမ်းခေါ်ခံရတာမှန်တယ်။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲတော့ မသိဘူး” လို့ ပြောပါတယ်။
ဦးလှညွန့် တို့ တောင်ခြေကျေးရွာကနေ အင်းဂေါင်းကျေးရွာကို ဆိုင်ကယ်နဲ့ မောင်းလာချိန် စောင့်ဆိုင်းဖမ်းခေါ်သွားတာလို့ သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ကျေးရွာတာဝန်ခံ ၂ ယောက် ဖမ်းဆီးခေါ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အသီးသီးဘက်က သြဂုတ် ၁၆ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးတာ တွေ့ရပါတယ်။











