ကျောက်ပန်းတောင်းတွင် ပျူစောထီး ၁ ယောက် ပစ်သတ်ခံရပြီး ၁ ယောက် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ခပေါင်းကုန်းကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင် ၁ ယောက် ကို အမည်မသိ လက်နက်ကိုင်တဖွဲ့က ပစ်သတ်ခဲ့ပြီး နောက်တယောက်ကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက် မနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်က ခပေါင်းကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးဇော်မင်းထွန်း (ခ) နှုတ်ခမ်းမွှေးနဲ့ ဦးအောင်ဌေး (ခ) ဝက်လူးတို့ရဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင် ၆ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ရောက်ရှိလာပြီး သူတို့ ၂ ယောက် ကို ရွာအနောက်ဘက်ဆီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် ဦးဇော်မင်းထွန်း (ခ) နှုတ်ခမ်းမွှေးကို ပစ်သတ်ခဲ့ပြီး ဦးအောင်ဌေး (ခ) ဝက်လူးကိုတော့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိသူတယောက်က “သူတို့နေအိမ်တွေမှာရှိနေတဲ့ ပျူစောထီး ၂ ယောက်ကို လက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးသွားတာပါ။ တယောက်ကိုတော့ ပစ်သတ်ခဲ့ပြီး ကျန်တယောက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီနေ့အထိ လွတ်မလာသေးပါဘူး” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်မှာ သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတို့ဟာ ကျောက်ပန်းတောင်းမြို့နယ်၊ ခပေါင်းကုန်း ကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။











