
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်က စစ်အာဏာရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၆ ရက် ည ၇ နာရီခန့်က ကျောက်ပန်းတောင်းမြို့ပေါ် ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံ အရပ်သားတယောက်က “ဦးမောင်ဆန်းကို ဘူတာရပ်ကွက်မှာ လာပြီး ဖမ်းခေါ်ခံရတာ။ ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းငွေကောက်တာ၊ အရပ်သားတွေကို PDF လို့ စွပ်စွဲဖမ်းတာ အပါအဝင် နာမည်ဆိုးနဲ့ သတင်းထွက်နေသူ” လို့ ပြောပါတယ်။
ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ ၃ ယောက်လောက်က ဆိုင်ကယ် ၂ စီးနဲ့ လာရောက် ဆီးဖမ်းခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘယ်အဖွဲ့က ဖမ်းခေါ်တယ်ဆိုတာ လောလောဆယ် မသိရသေးပါဘူး။ ဒီဘက်မှာက PDF၊ ပျူစောထီး နဲ့ စစ်တပ်၊ ရဲတွေလည်းရှိတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဦးမောင်ဆန်းရဲ့နေအိမ်ကို စစ်အာဏာရှင်တပ်နဲ့ရဲတွေက လာရောက်စစ်ဆေးခဲ့ပြီး ရပ်ကွက်ထဲက အိမ်တွေနဲ့ အရပ်သားတွေကိုလည်း လိုက်လံစစ်ဆေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရပ်ကွက်တချို့က လမ်းဆုံ၊ လမ်းခွတွေကိုလည်း ပိတ်ဆို့စစ်ဆေးခဲ့ပြီး စစ်အာဏာရှင်လက်အောက်ခံ သတင်းဌာနတွေ နဲ့ တယ်လီဂရမ်ချန်နယ်တွေက ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးမောင်ဆန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့က ဖမ်းတာလို့ ရေးသားဖြန့်ဝေနေပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခေါ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့အသီးသီးက သြဂုတ် ၂၆ ရက်အထိ မှတ်ချက်ပေး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။











