
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မြို့မရဲစခန်းက ရဲတပ်ကြပ်နဲ့ ပျူစောထီးခေါင်းဆောင် တို့က PDF အယောင်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းခံနေတယ်လို့ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေဆီကနေ မြို့မရဲစခန်းက ရဲတပ်ကြပ် ကြိုင်အောင်နဲ့ ပျူစောထီး ဌေးလွင်ဦးတို့ အဖွဲ့ဟာ ကျောက်ပန်းတောင်း (PDF) နာမည်နဲ့ Tik Tok၊ Viber နဲ့ ဖုန်းကို အသုံးပြုပြီး ခြိမ်းခြောက် ငွေတောင်းခံတာ လုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမဘေးမှာရှိတဲ့ စားသောက်ဆိုင် တွေ၊ ထမင်းဆိုင်တွေနဲ့ ဈေးဆိုင်ပိုင်ရှင်တွေဆီကနေ PDF အမည်ကို အလွဲသုံးစားပြုလုပ်ပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေ စတင်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ကျောက်ပန်းတောင်းမြို့နယ်က ပြည်သူတွေအနေနဲ့ မိမိ မသိတဲ့ ဖုန်းနံပါတ်၊ Tik Tok၊ Viber စတဲ့ အွန်လိုင်းမီဒီယာအကောင့်တွေနဲ့ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုတွေ ရှိလာပါက လက်ခံပြီး စာပို့၊ စကားပြောဆိုတာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “အခုလပိုင်းတွေမှာ ပြည်သူတွေ တော်တော်လေး ဒုက္ခရောက်နေကြလို့ပါ။ တချို့ကျလည်း PDF မဟုတ်မှန်း သိတယ်၊ ကြောက်တော့ ပေးရတာပဲလို့ ပြောတယ်။ နောက်မှ ငွေပေးမယ်ဆိုပြီး ချိန်းမှ ဒီကောင်တွေ လုပ်စားနေတယ်ဆိုတာ သိလိုက်ရတာ။ ဌေးလွင်ဦးက ပျူခေါင်းဆောင် ကျောက်ပန်းတောင်းမြို့ တောင်ဘက်ခြမ်းကနေ နတ်မောက်ဘက်ထိ အပိုင်စားရထားသလို ဖြစ်နေတော့ လုပ်ချင်တိုင်း လုပ်နေတာ” လို့ ပြောပါတယ်။
ကျောက်ပန်းတောင်း တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ အညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၄၊ KDF တို့အနေနဲ့ ပြည်သူတွေဆီက ဘယ်လိုအကြောင်းနဲ့မှ ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေ ပြုလုပ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
သီရိ











