
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့မှာ လူငယ် ၃ ယောက်ကို ပျူစောထီးအဖွဲ့က သေနတ်ပြ ခြိမ်းခြောက်ပြီး စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဓားနဲ့ထိုးတာကြောင့် လူငယ် ၂ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ ည ၈ နာရီခွဲလောက်က ပန်းတနော်မြို့၊ မြို့ကွက်သစ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးမှာရှိတဲ့ အချစ်မဲ့ KTV ကနေ အိမ်ပြန်လာတဲ့ လူငယ် ၃ ယောက်ကို ပျူစောထီးခေါင်းဆောင် ကျော်ကြီး အပါအဝင် ၅ ယောက်က ဆိုင်ကယ်တွေနဲ့လိုက်လာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ စစ်မှုထမ်းပေါ်တာဆွဲဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “လူငယ် ၃ ယောက်ကို သေနတ်ပြပြီး ခြိမ်းခြောက်တာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့ထိုးကြတာလို့ သိရတယ်။ တယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးပြီး နောက်တယောက်ကတော့ ဆေးရုံတက် ကုသရင်း သေဆုံးသွားတယ်။ ကျန်တဲ့တယောက်ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်” လို့ ပြောပါတယ်။
ဓားနဲ့အထိုးခံရတာကြောင့် လှိုင်တာငါးအိမ်တန်းကျေးရွာက မောင်ထွန်းမင်းအောင်ဟာ ဓားဒဏ်ရာ ၅ ချက်နဲ့ စက်တင်ဘာ ၁၇ ရက် ညမှာပဲ သေဆုံးခဲ့ပြီး သေဆုံးသူနဲ့အတူပါလာတဲ့ လူငယ် မောင်နို့စို့ ဟာလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့တာကြောင့် ပန်းတနော်ဆေးရုံကနေ မအူပင်ဆေးရုံကို လွှဲပြောင်းကုသခဲ့ပေမဲ့ စက်တင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီလောက်က မအူပင်ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျန်လူငယ်တယောက်ကလည်း ပန်းတနော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ဆေးရုံမှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပြီး မိသားစုဝင်တွေကလွဲလို့ ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပျူစောထီးခေါင်းဆောင် ကျော်ကြီးကို ဖမ်းထားတယ်။ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဟန်ပြဖမ်းထားတာလို့ပဲ သိရတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေ ခြိမ်းခြောက်ခံထားရတယ်။ လူငယ်တွေက တာဝန်ရှိသူတွေကို ဆဲဆိုရမ်းကားတယ်လို့ သတင်းလွှင့်ထားတယ်” လို့ ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ကျော်ကြီးဟာ ကျေးရွာအုပ်ချုပ်ရေးမှူး ခင်မောင်ကြည်ရဲ့သားဖြစ်ပြီး ခင်မောင်ကြည်ဟာ အုပ်ချုပ်ရေးမှူးနေရာကနေ ဖယ်ရှားခံထားရပေမဲ့ လက်ရှိအချိန်အထိ တာဝန်လွှဲပြောင်းပေးတာ မရှိသေးပါဘူး။
စစ်အာဏာရှင်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ကျော်ကြီးနဲ့ သူ့အဖွဲ့ဟာ မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ တရားမဝင် KTV တွေ ဖွင့်လှစ်တာနဲ့ လူငယ်တွေကို ဖမ်းဆီးခြိမ်းခြောက်တာတွေကို ဌာနဆိုင်ရာအချို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။











