
အီရန်လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစည်းကွပ်ကဲမှုဌာန အကြီးအကဲက အမြင့်ဆုံးခေါင်းဆောင် မို့ဂ်ျတာဘာ ခါမေနီနဲ့ တွေ့ပြီး သူ့ဆီကနေ ရန်သူတွေကို ခိုင်ခိုင်မာမာ ရင်ဆိုင်ဖို့ လမ်းညွှန်ချက်အသစ်တွေ ရခဲ့တယ်လို့ Fars သတင်းဌာနက မေ ၁၀ ရက်မှာ ဖော်ပြပါတယ်။
ခါတမ် အယ်လ်အန်ဘီယာ ဗဟိုဌာနချုပ်ကို ကွပ်ကဲတဲ့ အလီအဗ္ဗဒိုလာဟီက အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အသင့်ဖြစ်မှုအကြောင်း ခါမေနီကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ အစည်းအဝေးကို ဘယ်အချိန်မှာ ကျင်းပခဲ့တယ် ဆိုတာကိုတော့ မဖော်ပြထားပါဘူး။
လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမေရိကန်-ဇီယွန်နစ် (အစ္စရေး) ရန်သူတွေရဲ့ ဘယ်လုပ်ရပ်ကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်။ ရန်သူရဲ့ ဘယ်အမှားအယွင်းမဆို အီရန်ရဲ့တုံ့ပြန်မှုက လျင်မြန်၊ ပြင်းထန်ပြီး ပြတ်သားနေမယ်လို့ အဗ္ဗဒိုလာဟီက ပြောခဲ့တဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကျူးကျော်မှုတခု စခဲ့ရင် ရန်သူဟာ အီရန်ရဲ့ အံ့အားသင့်စရာ ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အကရာမီနီယာက ပြောပါတယ်။
ဒီရွေးချယ်စရာတွေထဲမှာ ပိုအဆင့်မြင့်ပြီး အသစ်ဖြစ်တဲ့ ပစ္စည်းတွေ၊ စစ်ပွဲ အမျိုးအစားအသစ်တွေနဲ့ အရေးကြီးဆုံးက ပဋိပက္ခနယ်မြေအသစ်တွေ ပါတယ်လို့ ဆိုပါတယ်။
အီရန်ဟာ ရန်သူကို အံ့အားသင့်စေနိုင်တဲ့ ရန်သူရဲ့ မျှော်လင့်ချက်တွေနဲ့ အစီအစဉ်တွေကို ကျော်လွန်ပြီး စစ်ပွဲထဲဝင်လာမယ်လို့လည်း အကရာမီနီယာက ပြောပါတယ်။
အီရန်စစ်တပ် ရေတပ်ဦးစီးချုပ် ရှာရမ်အီရန်နီက နိုင်ငံရဲ့ ပြည်တွင်းဖြစ် အပေါ့စား ရေငုပ်သင်္ဘောတွေကို ဟော်မုဇ်ရေလက်ကြားရဲ့ ရေပိုင်နက်မှာ တပ်ချထားပြီး ခြိမ်းခြောက်မှုအဆင့်အပေါ် အခြေခံပြီး စစ်ဆင်ရေးတွေကို ထမ်းဆောင်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို လိုက်နာတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေက ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
၂ လကျော်ကြာ တိုက်ပွဲတွေကို အဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ အမေရိကန် ပြည်ထောင်စုရဲ့ နောက်ဆုံးအဆိုပြုချက်တွေအပေါ် အီရန်ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေချိန်မှာ ဟော်မုဇ်ရေလက်ကြားတဝိုက်မှာ ပဋိပက္ခတွေ ရံဖန်ရံခါ ဖြစ်ပြီးတဲ့နောက် တနင်္ဂနွေနေ့ အစောပိုင်းမှာ တည်ငြိမ်အေးချမ်းနေပါတယ်။
ပြီးခဲ့တဲ့တလက အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးတဲ့နောက်ပိုင်း မကြာသေးမီက ရေလက်ကြားနဲ့ အနီးတဝိုက်မှာ အကြီးမားဆုံး ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စုဟာလည်း မေ ၈ ရက်မှာ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။











