
ရခိုင်ပြည်နယ်နဲ့ ကုန်းလမ်းထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်အနီးမှာ ရိုဟင်ဂျာ ၆ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတွေဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက် ညနေပိုင်းက ငါးသိုင်းချောင်းမြို့၊ ရေနံသာစစ်ဆေးဂိတ်အနီးတောစပ်မှာ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၄ ယောက်၊ စုစုပေါင်း ရိုဟင်ဂျာ ၆ ယောက်ကို စစ်အာဏာရှင် တပ်နဲ့ရဲတွေက တွေ့ရှိပြီး လိုက်လံဖမ်းဆီးတာမှာ ရိုဟင်ဂျာတွေက အဖမ်းမခံဘဲ ထွက်ပြေးတာ ကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “ခြေလျင်လာကြတာ။ ကင်းလှည့်နေတဲ့အဖွဲ့နဲ့တွေ့ပြီး အဖမ်းခံ ရတာ။ ရိုဟင်ဂျာတွေက အဖမ်းမခံဘဲ ထွက်ပြေးကြလို့ ပစ်ခတ်ဖမ်းဆီးခံရတယ် လို့သိရတယ်။ အားလုံး ၆ ယောက်။ သေဆုံးထိခိုက်အခြေအနေအသေးစိတ်တော့မသိရသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၆ ယောက်ဟာ ရခိုင်ပြည်နယ်ကလာတဲ့သူတွေဖြစ်ပြီး စစ်အာဏာရှင် တပ်နဲ့ရဲတွေက ဘယ်ကိုဖမ်းဆီးခေါ်သွားတယ်ဆိုတာမသိရသေးဘူးလို့ ဆိုပါတယ်။
ရေနံ့သာ စစ်ဆေးရေးဂိတ်အနီး ရှိနေသူတယောက်က “ပစ်ခတ်သံတွေကြားလို့ တိုက်ပွဲဖြစ်တယ် ထင်တာ။ ရိုဟင်ဂျာတွေ အဖမ်းမခံလို့ ပစ်ဖမ်းတာလို့သိရတာ။ ကြိုးတွေနဲ့တုပ်ပြီး ကားပေါ်တင် ခေါ်သွားတာ တွေ့ရတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်နဲ့ရဲတွေက ရေနံ့သာစစ်ဆေးရေးဂိတ်မှာ လက်နက်ကြီးတွေပါတပ်ဆင်ထားပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးနေသလို အမျိုးသားတွေနဲ့ ရခိုင်ပြည်ဘက်ကလာတဲ့သူတွေကို အဓိကစစ်ဆေး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










