၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒုတိယအကြိမ် ထပ်ပြီး လျှော့ချလိုက်ပါတယ်။
ဒီနှစ်အတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ၃ ရာခိုင်နှုန်းသာ ရှိမယ်ဆိုပြီး ဖော်ပြထားတဲ့အလျောက် ဧပြီလမှာ ခန့်မှန်းထားခဲ့တဲ့ ၃ ဒသမ ၁ ရာခိုင်နှုန်းထက်တောင် လျော့နည်းသွားပါတယ်။
ဇူလိုင် ၈ ရက်က IMF အသစ်ထုတ်ပြန်လိုက်တဲ့ စီးပွားရေးခန့်မှန်းချက်အရ ၂၀၂၇ အရောက်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်တက်လာနိုင်ပေမဲ့လည်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တုန်းကရှိခဲ့တဲ့ ပျမ်းမျှ တိုးတက်မှုနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းထက်ကို လျော့နည်းနေဆဲ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ရဲ့ တကျော့ပြန်စစ်ပွဲကြောင့် စွမ်းအင်ကဏ္ဍမှာ နောက်ဆက်တွဲ အကျိုးဆက်တွေရှိနေပေမဲ့ AI ဉာဏ်ရည်တု နည်းပညာကြောင့် ဖြစ်ပေါ်လာတဲ့ ဝယ်လိုအားက စီးပွားရေးနှေးကွေးမှုကို ထိန်းထားပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုဟာ ၄ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုနှစ်အတွင်း ၄ ဒသမ ၇ ရာခိုင်နှုန်းကို ထပ်တက်လာနိုင်ကြောင်း ဖော်ပြပါတယ်။
၂၀၂၇ ခုနှစ် မှာတော့ ၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ငွေကြေးဖောင်းပွမှု ပြန်ကျသွားနိုင်တယ်ဆိုပြီး ဝါရှင်တန်ဒီစီအခြေစိုက် ဘဏ္ဍာရေးအဖွဲ့ကြီးအနေနဲ့ ခန့်မှန်းထားပါတယ်။
လွန်ခဲ့တဲ့အပတ်မှာ ကမ္ဘာ့ရေနံဈေးနှုန်းဟာ စစ်မဖြစ်ခင်က အတိုင်းအတာကို လျော့ကျသွားခဲ့ပေမဲ့လည်း အီရန်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ပြန်စတင်ချိန်မှာတော့ တကျော့ပြန် စျေးတက်လာပါတယ်။
ဒါကြောင့် ဘရန့်ကမ္ဘာ့ရေနံစိမ်းညွှန်းကိန်းက ၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး တစည်ကို ၇၉ ဒေါ်လာလောက် ပေါက်စျေးရှိပါတယ်။
အလားတူ IMF ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၆ ခုနှစ်အတွင်း အမေရိကန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံး ဖြစ်လာနိုင်တယ်လို့ပါ ခန့်မှန်းထားပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်ရဲ့ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ဟာ ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ပြီး ဥရောပဇုန်က ၀ ဒသမ ၉ ရာခိုင်နှုန်း၊ ဗြိတိန်က ၁ ရာခိုင်နှုန်း၊ ကနေဒါက ၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ဂျပန်က ၀ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိတာကို တွေ့ရပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကို ပိုင်ဆိုင်ထားပေမဲ့လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ ပါဝင်နေတဲ့ တရုတ်ကတော့ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ကြောင်း သိရပါတယ်။










