
ရုရှားနဲ့ ယူကရိန်းတို့ စွမ်းအင်အဆောက်အအုံတွေကို အပြန်အလှန်တိုက်ခိုက်မှု ရပ်စဲဖို့ သဘောတူညီမှု ရခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၁၁ ရက်မှာ ကြေညာခဲ့ပေမဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဒီအကြောင်းကို ကြိုမသိခဲ့ဘူးလို့ ပြောပါတယ်။
ထရမ့်ပ်က စွမ်းအင်အပစ်အခတ်ရပ်စဲမှု ချက်ချင်းအသက်ဝင်တယ်လို့ ပြောပေမဲ့ အသေးစိတ် မဖော်ပြခဲ့သလို ရုရှားဘက်ကလည်း မှတ်ချက်မပေးသေးပါဘူး။
ဇလန်းစကီးကတော့ ဒီကြေညာချက်ဟာ သူ့အတွက် “သတင်းအသစ်” ဖြစ်တယ်လို့ ပြောပြီး ရုရှားဘက်ကသာ လိုက်နာမယ်ဆိုရင် ယူကရိန်းအနေနဲ့ ထောက်ခံတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ ရုရှားတို့ရဲ့ ဆွေးနွေးမှု အသေးစိတ်ကို စောင့်မျှော်နေတယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ရဲ့ ကြေညာချက် ထွက်ပေါ်ပြီးနောက် ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဇလန်းစကီးက စွပ်စွဲပါတယ်။
ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသက စွမ်းအင်အဆောက်အအုံတွေလည်း ရုရှားရဲ့ တိုက်ခိုက်မှု ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ကတော့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရယူထားတဲ့ ဒီဇယ်တင်ပို့ရေး သဘောတူညီချက် အကောင်အထည်ဖော်နိုင်ဖို့ ယူကရိန်းကို ရုရှားရေနံချက်စက်ရုံတွေ တိုက်ခိုက်တာ ရပ်ဖို့ ဖိအားပေးနေပါတယ်။
ယူကရိန်းဘက်ကတော့ ရုရှားရဲ့ စစ်အသုံးစရိတ် ရရှိနိုင်မှု လျှော့ချဖို့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေတာဖြစ်ပြီး ရုရှားကလည်း ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်တာ ရပ်မှသာ အလားတူ ရပ်ဆိုင်းမယ်လို့ ပြောထားပါတယ်။
ရုရှားဒီဇယ်တင်သွင်းဖို့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ယာယီဖြေလျှော့ပေးတဲ့ ထရမ့်ပ်ရဲ့ သဘောတူညီချက်ဟာ ရုရှားရဲ့ စစ်ပွဲကို ငွေကြေးထောက်ပံ့ပေးရာ ရောက်တယ်ဆိုပြီး ယူကရိန်းနဲ့ အမေရိကန် လွှတ်တော်အမတ်တချို့က ဝေဖန်ထားပါတယ်။
ထရမ့်ပ်က ဇလန်းစကီးအစား သမ္မတအသစ်တယောက် လိုအပ်နေပြီလို့ ပြောထားပြီး ဇလန်းစကီးကတော့ ရုရှားဘက်က ရက် ၆၀ ကြာ အပစ်အခတ် အပြည့်အဝရပ်စဲဖို့ သဘောတူရင် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောပါတယ်။











