
နွေရာသီ ပူပြင်းခြောက်သွေ့မှု မြင့်တက်လာတာနဲ့အတူ ရခိုင်ပြည်နယ်အနှံ့အပြားမှာ ပေါ့ဆမီး ကြောင့် နေအိမ်ဆိုင်ခန်းတွေ မီးလောင်မှုတွေကလည်း ဆက်တိုက်ရှိလာနေပြီး မီးဘေးအန္တရာယ်ကို အထူးသတိပြုဖို့ အာရက္ခတပ်တော် (AA) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ မတ်လ အထိ ၂ လအတွင်းမှာ ပေါ့ဆမီးကြောင့် မီးလောင်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၂၅ ခုထက်မနည်း မီးလောင် ပျက်စီးဆုံရှုံးခဲ့ရတယ်လို့ DVB က ကောက်ယူရရှိထားတဲ့စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စက်သုံးဆီဆိုင်တချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက် အရသိရပါတယ်။
ရခိုင်မှာ ပွင့်လင်းရာသီရောက်တိုင်း မီးဘေးအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိတဲ့အတွက် မီးဘေး အန္တရာယ်သတိပေးဆိုင်းဘုတ် စိုက်ထူတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာအပြင် မီးဘေးအန္တရာယ် မပေါ့ဆကြဖို့နဲ့ မီးလောင်မှု မဖြစ်ပွားအောင် ကျေးရွာ / ရပ်ကွက် လှည့်လည် သတိပေးနှိုးဆော်တာ တွေ လုပ်ဆောင်နေတယ်လို့ AA မီးသတ်ဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ရခိုင်က နေအိမ်တချို့မှာ စက်သုံးဆီသိုလှောင်ထားမှု မြင့်တက်လာတာနဲ့အတူ AA ဘက်က လည်း မီးဘေးအန္တရာယ် မကျရောက်စေဖို့ သတိပေးတားမြစ်တာတွေကို လုပ်ဆောင်နေတယ်လို့ ရခိုင်ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ဒေသခံတယောက်က “ကျနော်တို့ အာရက္ခပြည်သူ့အစိုးရက လတ်တလောမှာ မီးဘေး အန္တရာယ် ကင်းရှင်းဖို့အတွက်ဆိုပြီး လတိုင်းသတိပေးတာတွေရှိပါတယ်။ ပြီးတော့ ဓာတ်ဆီဆိုင်တွေ ကိုလည်း မြို့ပြင်ထုတ်တာတွေရှိပါတယ်။ မြို့တွင်းမှာရောင်းလို့မရဘူး။ မီးဘေးအန္တရာယ် ကင်းရှင်းအောင်ဆိုပြီးတော့ပါ၊ နောက်တခုက တောတောင်တွေကို မီးမရှို့ရဘူးတို့ ၊ မြို့ထဲ ရွာထဲ တွေမှာ သစ်ရွက်တွေနဲ့ အမှိုက်တွေကို မီးမရှို့ရဘူးဆိုပြီး စည်းကမ်း ထုတ်ထားတာတွေ့ပါတယ်။ အဓိကက ပြည်သူတွေ ဘေးကင်းလုံခြုံအောင် မီးဘေးအန္တရာယ် ကင်းရှင်းအောင်ဆိုပြီးတော့ လုပ်ဆောင် ထားတာပါ”လို့ ပြောပါတယ်။
မီးဘေးအန္တရာယ်ကာကွယ်နိုင်ဖို့ အိမ်တိုင်းမှာ မီးကပ်၊ မီးချိတ်၊ သဲအိတ်နဲ့ ရေအိတ်တွေကို အဆင်သင့် ပြုလုပ်ထားရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာရင် အရေးယူခံရမယ်ဆိုပြီး သတိပေးထား ပါတယ်။
နွေရာသီအပူချိန်မြင့်လာတာနဲ့အတူ ပေါ့ဆမီးကြောင့် မီးလောင်မှုတွေတိုးမြင့်လာနေသလို AA အနေနဲ့ အသိပညာပေးလုပ်ဆောင်မှုတွေရှိနေပေမဲ့ တယောက်ချင်းစီတိုင်းက အထူး သတိထား လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ ရခိုင်ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ် အမျိုးသမီးတယောက်က ပြောပါတယ်။
ရခိုင်လူငယ်အမျိုးသမီးတယောက်က “ပေါ့ဆမှုကြောင့် ဖြစ်ပွားတဲ့ မီးလောင်မှုတွေဟာ သေးသေးလေးကနေ ကြီးမားတဲ့ အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။ အချိန်မီ မလွတ်နိုင်ရင် အသက် ဆုံးရှုံးနိုင်ခြေအထိ ရှိပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပူပြင်းခြောက်သွေ့တဲ့ အခြေအနေကြောင့် မီးတချက်ပဲလောင်ရင်တောင် အလျင်အမြန်ကြီးထွားတတ်ပါတယ်။ မိနစ်အနည်းငယ်အတွင်း နေအိမ်ဆိုင်ခန်းတွေ အကုန်လုံး မီးလောင်ဆုံးရှုံးနိုင်သလို လေတိုက်နေရင် မီးကကူးနိုင်ပြီးတော့ တရွာလုံးကိုလည်း လောင်ကျွမ်းသွားနိုင်တဲ့အထိ ဆိုးပါတယ်။ နွေရာသီမှာ မီးဘေးအန္တရာယ်ဟာ လူတိုင်းအတွက် နီးစပ်တဲ့ အန္တရာယ်တခုဖြစ်ပါတယ်၊ ပေါ့ဆမှုလေး တခုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြေရှင်းချက်ပါ”လို့ ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်က ဒေသခံအများစုဟာ အလုပ်အကိုင်ရှားပါးမှုတွေ၊ ကုန်ဈေးနှုန်း မြင့်မားမှုတွေကြောင့် ပြန်လည်ထူထောင်နိုင်ရေးမှာ အခက်အခဲစိန်ခေါ်မှုများစွာရှိနေတာပါ။
ဒါအပြင် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာအများစုမှာ နေအိမ်တွေကို ဓနိမိုး၊ ဝါးထရံကာတွေနဲ့ ဆောက်လုပ်ထားတာဖြစ်တဲ့အတွက် မီးလောင်မှုဖြစ်ပွားရင် ပိုပြီးကူးစက်မြန်တာ နွေရာသီမှာ ရေရှားပါးတဲ့အတွက် မီးငြိမ်းသတ်နိုင်ဖို့ စိန်ခေါ်မှုတွေလည်း ရှိနေတာပါ။
ကေခိုင်








