
ထိုင်းနိုင်ငံတောင်ပိုင်းက မလေးရှားနိုင်ငံနဲ့ နယ်စပ်ခရိုင်တွေမှာ ဩဂုတ် ၂၂ ရက် ညနေပိုင်းက မီးရှို့မှုနဲ့ ပေါက်ကွဲမှုတွေအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြောက်အမြား ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
စနေနေ့ ဒေသစံတော်ချိန် ည ၈ နာရီကစပြီး နာရာသီဝပ်၊ ယာလာနဲ့ ပတ္တာနီခရိုင်တွေမှာ အကြမ်းဖက်မှုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဒီဖြစ်စဉ်တွေအတွင်းမှာ အုပ်ချုပ်ရေးရုံးတွေကို မီးရှို့ခြင်း၊ ကားတာယာတွေ မီးရှို့ခြင်း၊ ဓာတ်အားတိုင်တွေနဲ့ ကုန်စုံဆိုင်တွေ ပေါက်ကွဲခြင်းတို့ ပါဝင်ခဲ့ပါတယ်။
နာရသီဝပ်ပြည်နယ်မှာ အကြမ်းဖက်မှု ၁၁ မှုထက်မနည်း ဖြစ်ပွားခဲ့ပြီး ကားပေါက်ကွဲမှုတခုကြောင့် လူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
နာရသီဝပ် အထူးတပ်ဖွဲ့က စနေနေ့ ည ၁၀ နာရီ ၁၅ မိနစ်ကနေ တနင်္ဂနွေမနက် ၆ နာရီအထိ ပြည်နယ်တခုလုံးကို ညမထွက်ရအမိန့် ထုတ်ပြန်မယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ ကြေညာခဲ့ပြီး အရေးပေါ်ကိစ္စရပ်တွေအတွက် ဒေသခံတွေက မထွက်မီ ဒေသခံစစ်တပ်၊ ရဲ ဒါမှမဟုတ် အုပ်ချုပ်ရေးအာဏာပိုင်တွေဆီကနေ ခွင့်ပြုချက် ရယူရမယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ပြီးတဲ့နောက် ဩဂုတ် ၂၃ ရက်ညမှာတော့ ထိုင်းနိုင်ငံရဲ့ တပ်မတော် အမှတ် ၄ ဒေသဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်က ပြည်သူလူထုကို သတိရှိရှိ နေထိုင်ဖို့ အကြံပြုခဲ့ပါတယ်။
Source: Reuters











