
ရခိုင်ပြည် ကျောက်တော်မြို့နယ်မှာ သုံးစွဲရန်မသင့်တဲ့ တားမြစ်အလှကုန်ရောင်းချနေတဲ့ အလှကုန်ဆိုင်တွေနဲ့ သက်တမ်းကုန်လွန်ရောင်းချနေတဲ့ ဆိုင်တွေကို အာရက္ခကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က တားမြစ်သတိပေးထားတယ်လို့ သိရ ပါတယ်။
ကျောက်တော်မြို့ဈေးထဲမှာ တားမြစ်ထားပြီး သုံးစွဲရန်မသင့်တော်တဲ့ အလှကုန်ပစ္စည်းရောင်းချတဲ့ ဈေးဆိုင်တွေကို အာရက္ခ FDA က စစ်ဆေးခဲ့တယ်လို့ ကျောက်တော်ဈေးထဲမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
“အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေကို စစ်ဆေးတယ်။ အဲ့ဒီဆိုင်တွေမှာ အလှကုန်တွေပေါ့နော် ဘယ်ဟာက တားမြစ်ထားတာ၊ ဘယ်ဟာကသုံးစွဲဖို့ မသင့်ဘူးဆိုပြီးပြောသွားတယ်။ ပစ္စည်းတွေကို လည်း ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ယူသွားတယ်။”
တားမြစ်ကုန်တွေ ရောင်းချသူတွေကို ထပ်မံ မရောင်းချဖို့ ခံဝန်ရေးထိုးခိုင်းခဲ့တယ်လို့ အလှကုန် ပစ္စည်း ရောင်းချနေသူ အမျိုးသမီး တယောက်က ပြောပါတယ်။
“ပစ္စည်းတွေတော့ နှမြောပါတယ်။ ဒါပေမဲ့ လူတွေရဲ့အသက်အန္တရာယ်ထိ ဖြစ်စေတဲ့ တားမြစ်ထား တဲ့ ပစ္စည်းတွေကို မရောင်းတော့ပါဘူး။ ကျမတို့ သိလည်းမသိခဲ့ဘူးပေါ့နော်။ ခုလိုသိအောင် ပြောပြ ပေးလို့လည်း FDA ကို ကျေးဇူးတင်တယ်။”
ဈေးထဲမှာတွေ့ရှိခဲ့တဲ့ တားမြစ်အလှကုန်တွေကတော့ JC BEAUTY CULTURE RADIANCE RENEWAL SERUM (NA) အပါအဝင် မလေးရှားနိုင်ငံထုတ် အလှကုန်ပစ္စည်း ၃ မျိုး၊ ထိုင်းနိုင်ငံ ထုတ် ၁၂ မျိုး၊ ဖိလစ်ပိုင်နိုင်ငံထုတ် ၈ မျိုး၊ အင်ဒိုနီးရှားနိုင်ငံထုတ် ၅ မျိုးနဲ့ ဘရူနိုင်းနိုင်ငံထုတ် ၁ မျိုးတို့ ပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီပစ္စည်းတွေဟာ မြန်မာနိုင်ငံက ပြည်မဘက်ကနေ အာရက္ခပြည်ဘက်ကို နည်းမျိုးစုံနဲ့ ဝင်ရောက် လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တားမြစ်အလှကုန်တွေကို သုံးစွဲတာကြောင့် အရေပြားပျက်တာ (ဝက်ခြံပေါက်ခြင်း၊ အသားအရေပါးခြင်း)မှစပြီး ကင်ဆာ၊ ကျောက်ကပ်နဲ့ အသည်းပျက်စီးတာအထိ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ်။










