ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ပြည်သူ ၁၁ ယောက် သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာနဲ့ ဝါးတောင်ကျေးရွာကို ဆက်သွယ်ထားတဲ့ ယိုးချောင်းတံတားကို နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခွဲလောက်က လေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ လမ်းသွားလမ်းလာပြုလုပ်နေတဲ့ ဒေသခံတွေ ထိခိုက်သေဆုံးသွားပြီး တံတားကျိုးသွားတယ်လို့ စာရေးဆရာကိုဝေဟင်အောင်က ပြောပါတယ်။
"၅ နာရီမိနစ် ၃၀ လောက်မှာ ဗုံးကြဲသွားတာ လမ်းသွားလမ်းလာဒေသခံတွေ ထိခိုက် သေဆုံးဒဏ်ရာရသွားကြပါတယ်။ ကနဦးသိရတာက ၇ ယောက်သေပြီး ၁၀ ဒဏ်ရာရပါတယ်။ လမ်းသွားလမ်းလာဆိုတော့ နာမည်တွေရွာတွေအသက်တွေ စိစစ်နေဆဲပါ။ တံတားလည်း ကျိုးသွားပါတယ်။"
အလားတူ တချိန်တည်းမှာပဲ မြောက်ဦးမြို့ပေါ်က ငွေတောင်ပေါက်တံတားပတ်ဝန်းကျင်မှာရှိတဲ့ ယာယီ သားဖွားဆေးရုံနားနဲ့ အရင်ရဲစခန်းဟောင်း ပတ်ဝန်းကျင်ကိုလည်း လေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားတယ်လို့ မြောက်ဦးမြို့ခံ တယောက်က ပြောပါတယ်။
"ငွေတောင်ပေါက်တံတားနဲ့ ရဲစခန်းဝန်းကျင်ကို ဗုံး ၂ လုံးကြဲချခဲ့တယ်။ ၄ ယောက်သေပြီး ၄ ယောက်ဒဏ်ရာရတယ်လို့ ကနဦးသိရတယ်။ ဒီထက်လည်းများနိုင်ပါတယ်။"
နိုဝင်ဘာ ၁ ရက် မနက် ၃ နာရီလောက်မှာလည်း ပေါက်တော (ခ) ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကိုလည်း စစ်တပ်က Y-12 နဲ့ ဗုံးကြဲခဲ့လို့ ဒေသခံ ၅ ယောက် ဒဏ်ရာရရှိခဲ့ ပါတယ်။
ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနေ မြို့နယ် (၄) ခုကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းထပ်မံကျူးလွန်နေတယ်လို့ အာရက္ခတပ်တော် ( AA)က ပြောပါတယ်။
ရခိုင်မှာ အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ တလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီး၊ ငယ်ပစ်ခတ်မှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှု၊ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ထိခိုက် သေဆုံးဒဏ်ရာရခဲ့တဲ့ ဒေသခံ အရပ်သားပြည်သူ စုစုပေါင်း ၁၅၆ ယောက် ရှိခဲ့ပြီး အဲ့ဒီအထဲမှာသေဆုံးသူ ၅၁ ယောက် ဒဏ်ရာရသူ ၁၀၅ ယောက် ရှိခဲ့တယ်လို့ Arakan Responders for Emergency (ARE) က ထုတ်ပြန်ထားပါတယ်။