
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်အာဏာရှင်တပ်က နိုဝင်ဘာလအတွင်း ၃ ရက် ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး၊ ခမရ ၅၃၉ တပ်ရင်းဟောင်း၊ အမတ-၃၇၇ တပ်ရင်းဟောင်းနဲ့ ဦးစွန်းတောင်ကျေးရွာ အနီးပတ်ဝန်းကျင်တွေကို စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုဟာ ၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈ ယောက်ထက်မနည်း ရှိလာနေပြီး အသက် အန္တရာယ် စိုးရိမ်နေရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် ဦးစွန်းတောင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်ဆရာတော်တပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေကြရတယ်လို့ ဦးစွန်းတောင်ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ဒီနေ့မနက်ပိုင်း ၂ နာရီကျော် ဦးစွန်းတောင် (အောက်ရွာ) ဘုန်းကြီးကျောင်းအနီးကို ဂျက်ဖိုက်တာ တစင်းနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ရှိတယ်။ ဘုန်းကြီးကျောင်းအနီးမှာ ဗုံးကျခဲ့တာဖြစ်ပြီး ကျောင်းထိုင်ဆရာတော်တပါး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ အသက်အန္တရာယ်ထိတော့ စိုးရိမ်စရာ မရှိဘူး။ စစ်တပ်က နေ့တိုင်းဗုံးကြဲနေတော့ ဒေသခံတွေမှာ အသက်တချောင်း ရှင်သန်ဖို့ ကြောက်စိတ်တွေနဲ့ ဖြတ်သန်းနေကြရတယ်။”
ဦးစွန်းတောင်(အောက်ရွာ) ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ကျောင်းထိုင်ဆရာတော် သက်တော် ၅၀ ရှိ ဦးပညာဗလ ဖြစ်ပြီး မျက်နှာနဲ့ လက်မောင်းတို့မှာ ဗုံးစထိမှန် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၂ ရက် မနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာနဲ့ ဦးစွန်းတောင် ကျေးရွာကြားရှိ စစ်အာဏာရှင်တပ်ရင်းဟောင်း ခမရ- ၅၃၉ တပ်ရင်းနဲ့ အမတ-၃၇၇ တပ်ရင်း တွေကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်က ပြောထားပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းကနေ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျောက်တော်မြို့နယ်က ပန်းဖဲချောင်း၊ ဝါးတောင်၊ ကန်စောက်၊ ဦးစွန်းတောင် စတဲ့ကျေးရွာတွေက ရွာသားတချို့လည်း ဘေးလွတ်ရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝါးတောင်ကျေးရွာသားတယောက်က “တရက်မှ စိတ်ချလက်ချနဲ့ အကောင်းမနေကြရဘူး။ နေ့တိုင်း ဗုံးလာကြဲနေလို့ ညတညတောင် ကောင်းကောင်းမအိပ်ကြရတော့ဘူး။ ကျနော်တို့ရွာက ထိခိုက် ဒဏ်ရာ ရရှိသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိကြသေးတယ်။ အခု ၃ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗုံးကြဲခဲ့တဲ့ အနီးပတ်ဝန်းကျင်တွေကလည်း ကျေးရွာသားတွေ မနေရဲတော့ဘဲ ယာယီတိမ်းရှောင်မှုတွေ ရှိနေကြတယ်။ စစ်တပ်က စစ်ရေးအရ အရေးနိမ့်လာလေ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့် ပြည်သူတွေရဲ့ လူ့အသက်ဟာ တန်ဖိုးနည်းလာနေတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ မြောက်ဦးမြို့က သားဖွားဆေးရုံနဲ့ ကျောက်ဖြူ စနဲမင်းပြင်ရွာ၊ ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာတို့မှာလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၇ ယောက် သေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နိုဝင်ဘာပထမ ၃ ရက်အတွင်းမှာတင် စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ရခိုင်က မြို့နယ် ၄ ခုမှာ လသားအရွယ် ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးသူ ၁၄ ယောက် ရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူဟာ ၃၈ ယောက်အထိ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်မျက်နှာတိုင်းမှာ အထိအခိုက်၊ အကျအဆုံးတွေနဲ့ ရှေ့မတိုးနိုင်တာကြောင့် အာရက္ခပြည်သူလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး အကြမ်းဖက်မှုတွေကို မိုက်ရူးရဲစွာနဲ့ ဆက်တိုက်ကျူးလွန်နေတယ်လို့ အာရက္ခ တပ်တော်က ပြောထားပါတယ်။











